ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက မကြာသေးမီကပဲ ဒီရာသီမှာ သူတို့အသင်းရဲ့ စတုတ္ထမြောက် နည်းပြချုပ် အဖြစ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းလည်းဖြစ် ၊ နည်းပြဟောင်းလည်း ဖြစ်တဲ့ လမ်းပတ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပေမယ့် လမ်းပတ်ရဲ့ လက်အောက်မှာ ရှုံးပွဲ ၂ပွဲဆက် ကြုံတွေ့ခဲ့ရတာကြောင့် ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် ဖြစ်သူ အမိုရင်ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေတာကြောင့် တူဟယ်လ် ၊ ပေါ်တာ စတဲ့ နည်းပြတွေကို လျော်ကြေး အမြောက်အမြား ပေးကာ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် ဖရန့် လမ်းပတ်ကို ယာယီနည်းပြ အဖြစ် ရာသီကုန် အထိ တာဝန် ပေးအပ်ခဲ့ပါတယ်။

Photo Credit: Goal

ဖရန့် လမ်းပတ်က ချယ်လ်ဆီးကို ရာသီကုန် အထိ တာဝန်ယူထားချိန်မှာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်း ၊ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ် ၊ စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း ပိုချက်တီနိုတို့ကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေ အဆင်မပြေခဲ့တာကြောင့် စပို့တင်း လစ္စဘွန်ရဲ့ နည်းပြချုပ် အမိုရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြောင်းလဲ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardianရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အမိုရင်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ အမိုရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အမိုရင်က ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် အမိုရင်နဲ့ စပို့တင်း လစ္စဘွန်းရဲ့ ကြားထဲမှာ ကာလရှည် စာချုပ်တရပ် ရှိနေသေးတာကြောင့် ချယ်လ်ဆီးက အမိုရင်ကို ခေါ်ယူချင်ရင် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀သန်း ပေးချေရမှာ ဖြစ်လို့ ချယ်လ်ဆီးဟာ နစ်ဂယ်စမန်းနဲ့ အင်းနရစ်တို့ကို မခေါ်နိုင်မှသာ အမိုရင်ကို ခေါ်ယူဖွယ် ရှိနေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

လက်ရှိမှာတော့ နစ်ဂယ်စမန်းနဲ့ အင်းနရစ်တို့က ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြပြီး သူတို့နှစ်ဦးရဲ့ အနောက်မှာတော့ အမိုရင်နဲ့ ပိုချက်တီနိုတို့က အစဉ်လိုက်အတိုင်း ရေပန်းစားနေကြပါတယ်။