ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုးလ် ပါးလ်မာက မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ခြေစွမ်းအရ ဒီထက်ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။
အယ်လီယန့်ဇ် အရီနာမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ပွဲချိန် (၂၇) မိနစ်အတွင်း နောက်ခံလူ ထရီဗို ချာလိုဘာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ ဟယ်ရီကိန်းရဲ့ ပင်နယ်တီဂိုးတွေကြောင့် ၂-၀ နဲ့ နောက်ကောက်ကျခဲ့ပါတယ်။
Photo Credit : Chelsea Football Club
ဒါပေမဲ့ ပွဲချိန် (၂၉)မိနစ်မှာတော့ ကိုးလ် ပါးလ်မာက အလွန်အားပါတဲ့ ကန်ချက်နဲ့ ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၁၀၀)ပြည့်မြောက်တဲ့ ဒီပွဲစဉ်မှာ ပါးလ်မာဟာ ချန်ပီယံလိဂ်ပွဲဦးထွက်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ပါးလ်မာက “ကျွန်တော်တို့ ခြေစွမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်ကြောင်းလည်း သက်သေပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုးသုံးဂိုးက ကိုယ့်အမှားနဲ့ကိုယ်ပါပဲ။ အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ သူတို့က အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်” လို့ DAZN ကို ပြောကြားခဲ့ပါတယ်။
Photo Credit : Free Malaysia is Today
၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ချယ်လ်ဆီးအတွက် ပွဲဦးထွက်ကစားခဲ့ချိန်ကစပြီး ပါးလ်မာဟာ အခုဆိုရင် သွင်းဂိုး (၄၅)ဂိုးနဲ့ ဖန်တီးမှု (၂၈)ကြိမ်၊ စုစုပေါင်း (၇၃)ဂိုးအထိ ပါဝင်ပတ်သက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်း ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ မိုဟာမက် ဆာလာ (၉၇) နဲ့ အာလင်း ဟာလန်း (၈၅) တို့သာ သူ့ထက် ဂိုးပါဝင်ပတ်သက်မှု ပိုများပါတယ်။
မနေ့ညက ပွဲစဉ်ဟာ နည်းပြ အန်ဇို မာရက်စ်ကာအတွက်သာမက ကစားသမား (၉)ဦးအတွက်ပါ ပထမဆုံး ချန်ပီယံလိဂ်ပွဲဦးထွက် ဖြစ်ခဲ့ပါတယ်။ ဒါဟာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်တစ်ပွဲတည်းမှာ ပွဲဦးထွက်ကစားသမား အများဆုံးအသုံးပြုခဲ့တဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ နည်းပြ မာရက်စ်ကာက “ခြုံပြောရရင် ခြေစွမ်းက တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုပွဲမျိုးတွေမှာ မိနစ် (၉၀)ကျော်လုံး ပုံစံမှန်မှန်ကစားနိုင်ဖို့ လိုအပ်ပါတယ်။ တချို့အချိန်တွေမှာ ကျွန်တော်တို့ မကောင်းခဲ့ပါဘူး။ တတိယဂိုးပေးလိုက်ရချိန်မှာ ပွဲက အဆုံးသတ်သွားခဲ့တယ်။ ဒီပွဲကနေ သင်ခန်းစာယူစရာတွေ အများကြီးရခဲ့ပါတယ်” လို့ သုံးသပ်ခဲ့ပါတယ်။