ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ ကိုင် ဟားဗက်ဇ်ကို လာမယ့် နွေဈေးကွက်မှာ ပြန်လည် ရောင်းချဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ် ကစားသမား ကိုင် ဟားဗက်ဇ်က အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာတော့ ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး လိုအပ်ချက်ကြောင့် အထောင်တိုက်စစ်မှူး အဖြစ် ကစားနေရပါတယ်။

Photo Credit: Sky Sports

ကိုင် ဟားဗက်ဇ်က ဘောလုံးအရည်အသွေး ပြည့်ဝသလို ကစားကွက်နဲ့ လိုက်ပါ စီးမျောကစားတတ်သူ ဖြစ်ပေမယ့် သူ့ရဲ့ အကောင်းဆုံးနေရာက ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေ ဖြစ်တာကြောင့် တောင်ပံနှစ်ဖက်ကို အားပြု ကစားလေ့ ရှိတဲ့ ချယ်လ်ဆီးရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ မဖြစ်သလို သူ့ရဲ့ ကြံ့ခိုင်မှု အားနည်းချက်ကြောင့် ဟားဗက်ဇ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပုံမှန် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဟားဗက်ဇ်က ချယ်လ်ဆီးအတွက် ၃ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၁၁၉ပွဲ ကစားပေးထားရာ သွင်းဂိုး ၂၉ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ရရှိထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ချယ်လ်ဆီးလို ထိပ်သီးအသင်း တသင်းရဲ့ အဓိက တိုက်စစ်မှူး တဦးအနေနဲ့ လက်ခံလို့ မရတဲ့ စွမ်းဆောင်ရည်မျိုးပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့က လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူ တယောက် အသင်းဆီ ရောက်လာတဲ့ အချိန်မှာ ဘဏ္ဍာရေးအခြေအနေကို ထိန်းညှိနိုင်ဖို့ ကိုင် ဟားဗက်ဇ်အား ပြန်လည် ရောင်းချဖို့ စီစဉ်နေပြီး ချယ်လ်ဆီးက ဟားဗက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၃သန်း ဝန်းကျင် လိုချင်နေကြောင်းနဲ့ လက်ရှိမှာ ဘိုင်ယန်မြူးနစ်က ဟားဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဆိုပါတယ်။

နာမည်ကြီး ဂျာမန် သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ကလည်း ချယ်လ်ဆီးဟာ ကိုင် ဟားဗက်ဇ်အား ရောင်းချဖို့ ပြင်ဆင်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဟားဗက်ဇ်ကို ရောင်းချချင်နေပေမယ့် ဟားဗက်ဇ်က ချယ်လ်ဆီးမှာ ပျော်နေတာကြောင့် ချယ်လ်ဆီးဟာ ဟားဗက်ဇ်ကို အသင်းကနေ ထွက်သွားဖို့ စည်းရုံးရဦးမယ်လို့ သိရပါတယ်။