ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ဒီရာသီမှာ ခပ်စိတ်စိတ် မြင်တွေ့လာရတဲ့ ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖို့ နီးစပ်နေပြီး ချယ်လ်ဆီးသာ ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရရင် အဲဗာတန် ၊ နော်တင်ဟမ် ဖောရက်စ် စတဲ့ အသင်းတွေရဲ့ ပြစ်ဒဏ်ထက် ပိုပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ကျခံရနိုင်ကြောင်း အင်္ဂလန်သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ချယ်လ်ဆီးက အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလေရဲ့ ဦးဆောင်မှုနဲ့ ၃နှစ်တာ ကာလအတွင်းမှာ ပေါင် ၁ဘီလီယံကျော် တန်ကြေး ရှိတဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် သုံးထားတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကို မရသေးပါဘူး။

Photo Credit: Standard

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစမှာလည်း နွေဈေးကွက်ရဲ့ အသုံးစရိတ် အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အထိ ငွေကြေးတွေ သုံးစွဲကာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၀) အတွင်း ဝင်နိုင်ဖို့တောင် ရုန်းကန်နေရပါတယ်။

ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးကွာနေတာကြောင့် ချယ်လ်ဆီးဟာ ဝင်ငွေတွေ နည်းပါးနေပြီး သုံးငွေ များကာ ဝင်ငွေ နည်းပါးနေတာကြောင့် ချယ်လ်ဆီးဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ ပြစ်ဒဏ်ချခံရဖို့ နီးစပ်နေပြီး ချယ်လ်ဆီးက ရမှတ်လျှော့ပြစ်ဒဏ် မခံချင်ရင် ဇူလိုင်လ ၁ရက်နေ့ မရောက်ခင်မှာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြတဲ့ ချာလိုဘက် ၊ ဘရော်ဟာ ၊ ဂါလက်ချာ စတဲ့ ကစားသမားတွေကို ရောင်းချကာ မဖြစ်မနေ အမြတ်ငွေ ပြန်ရှာဖို့ လိုအပ်နေပါတယ်။

Photo Credit: 90 Min

ချယ်လ်ဆီးဟာ ရမှတ်လျှော့ပြစ်ဒဏ် ကျခံရနိုင်ကြောင်းကို နာမည်ကြီး ဘဏ္ဍာရေးကျွမ်းကျင်သူ ဘော်ဆန်က – “မေဆန်မောင့်က မန်ချက်စတာ ယူနိုက်တက်ဆီ ဇူလိုင်လ ၁ရက်နေ့မှာ ပြောင်းရွှေ့ခဲ့တာကြောင့် ကျွန်တော်တို့က မောင့်ရဲ့ အပြောင်းအရွှေ့ကနေ ရလာတဲ့ ငွေတွေဟာ ဒီရာသီ ဘဏ္ဍာရေးနှစ် အတွက် အကြုံးဝင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ အဲ့ဒီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးက ပေါင် ၅၅သန်း ရခဲ့တာကြောင့် အဲ့ဒါက သူတို့ရဲ့ အမြတ်ငွေစာရင်းထဲ ဝင်လိမ့်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ဘဏ္ဍာရေးစာရင်းထဲမှာ ပါနေပါတယ်။ သူတို့က ပြီးခဲ့တဲ့ရာသီမှာ FFPစည်းမျဉ်းနဲ့ ကိုက်ညီအောင်လို့ အဲ့ဒီ အပြောင်းအရွှေ့ကို သုံးခဲ့တာပါ။ ဒါကြောင့် ချယ်လ်ဆီးက ပျောက်သွားတဲ့ ပေါင် ၅၅သန်းကို ပြန်ဖြည့်ဖို့ လိုနေပါပြီ။ ချယ်လ်ဆီးက ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ အပါအဝင် ဥရောပပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့် မရထားတာကြောင့် သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေက အရင်ရာသီထက် ပိုဆိုးပါတယ်။ ဒါကြောင့် သူတို့ကသာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ မရင်ဆိုင်ချင်ရင် ချာလိုဘက်ကို ပေါင် ၂၀သန်း ၊ ဘရော်ဟာကို ပေါင် ၄၀သန်း ၊ ဂါလက်ချာကို ပေါင် ၅၀သန်း စတဲ့ ပမာဏတွေနဲ့ ဝယ်ယူမယ့် အသင်းတွေကို ရှာရပါမယ်။ သူတို့က အကယ်ဒမီထွက် ကစားသမားတွေကို မဖြစ်မနေ ရောင်းချဖို့ လိုနေပါပြီ။ ပြီးတော့ သူတို့က ဇွန်လ ၃၀ရက်နေ့ မတိုင်ခင်မှာ အပြီးသတ် ရောင်းချဖို့လည်း လိုပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေကို ဇူလိုင်လမတိုင်ခင်မှာ ရောင်းချဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။

ခရစ္စတယ် ပဲလေ့စ်ရဲ့ ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန်ကလည်း ချယ်လ်ဆီးကသာ လာမယ့် နွေဈေးကွက်မှာ ကစားသမား ရောင်းချမှု ကနေ ပေါင် ၂၀၀သန်းလောက် မရှာနိုင်ရင် အဲဗာတန် ၊ နော်တင်ဟမ် ဖောရက်စ်တို့လို ရမှတ်လျှော့ပြစ်ဒဏ်တွေ ချမှတ်ခံရလိမ့်မယ်လို့ ဆိုထားပါသေးတယ်။ ဂျော်ဒန်က – “ချယ်လ်ဆီးရဲ့ လိုငွေစာရင်းကို ကြည့်လိုက်ရင် သူတို့က လာမယ့် နွေဈေးကွက်မှာ ကစားသမား ရောင်းချမှု ကနေ ပေါင် ၂၀၀သန်းလောက် ရှာနိုင်မှပဲ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်မှာပါ။ တကယ်လို့ သူတို့ကသာ ပေါင် ၂၀၀သန်းလောက် မရှာနိုင်ဘူး ဆိုရင် အဲဗာတန် ၊ နော်တင်ဟမ် ဖောရက်စ်တို့လို အခြေအနေနဲ့ လာမယ့်နှစ်မှာ ရင်ဆိုင်ရဖို့ ရှိပါတယ်။ သူတို့ရဲ့ လိုငွေက ပိုများတာကြောင့် သူတို့ရဲ့ပြစ်ဒဏ်က ပိုတောင် ကြီးနိုင်ပါသေးတယ်” လို့ အခိုင်အမာ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။