ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်ရဲ့ လက်ထက်မှာ ကစားသမား အပြောင်းအရွှေ့တွေမှာ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ လုပ်မိခဲ့တာကြောင့် စုံစမ်း စစ်ဆေးခံရနေပြီး အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိရင် ရမှတ်လျှော့ပြစ်ဒဏ် ကျခံရဖွယ် ရှိနေကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်က ၂၀၀၃ခုနှစ်မှာ ချယ်လ်ဆီးကို ပေါင် ၁၄၀သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး မိုဗစ်ချ်ဟာ ချယ်လ်ဆီးကို ဝယ်ယူပြီးနောက် ငွေကြေးအလုံးအရင်း သုံးစွဲကာ နာမည်ကျော် ကစားသမားတွေကို ချယ်လ်ဆီးဆီ ခေါ်ယူပြီး အောင်မြင်တဲ့အသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။

Photo Credit: Goal

မိုဗစ်ချ် မရောက်ခင်မှာ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်အသင်း အဆင့်သာ ရှိခဲ့ပေမယ့် မိုဗစ်ချ်လက်ထက်မှာတော့ ချယ်လ်ဆီးက ငွေကြေးအလုံးအရင်း သုံးစွဲကာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာပါတယ်။

မိုဗစ်ချ်ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ လီဗာပူး စတဲ့ အသင်းတွေဆီ ရောက်တော့မယ့် ကစားသမား အများအပြားကို ကြားဖြတ်ကာ ခေါ်ယူမှုတွေ အများကြီး လုပ်နိုင်ခဲ့ပြီး အထင်ရှားဆုံး ကစားသမားတွေကတော့ ဝီလီယံ ၊ အီဒင် ဟာဇက်နဲ့ အိုဘီ မီခေးလ်တို့ပါပဲ။

Photo Credit: Goal

မကြာသေးမီကမှ ပေါက်ကြားလာခဲ့တဲ့ ချယ်လ်ဆီးရဲ့ ဘဏ္ဍာရေးရှင်းတမ်း အစီရင်ခံစာတွေ အရ ချယ်လ်ဆီးဟာ ဝီလီယံ ၊ ဟာဇက် ၊ မီခေးလ် ၊ အီတူးတို့ရဲ့ အပြောင်းအရွှေ့တွေမှာ ကစားသမားတွေနဲ့ သူတို့ရဲ့ အေးဂျင့်တွေဆီ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ ရှိခဲ့ပြီး ချယ်လ်ဆီးဟာ ကစားသမားတွေကို တရားဝင် လက်မှတ်ထိုးကြေး အပြင် နောက်ထပ် ပေါင်သန်းပေါင်းများစွာ အပိုဆောင်း ထပ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

နာမည်ကြီးသတင်းဌာန တခု ဖြစ်တဲ့ Guardianရဲ့ အဆိုအရ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အာဏာပိုင်တွေက ချယ်လ်ဆီးရဲ့ ဘဏ္ဍာရေး အစီရင်ခံစာတွေ အားလုံးကို စစ်ဆေးကာ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ ထပ်ရှိ ၊ မရှိ စုံစမ်းနေပြီး အကယ်၍ ချယ်လ်ဆီးကသာ ဘဏ္ဍာရေးစည်းမျဉ်းကို လက်တလုံးခြား ရှောင်လွှဲနိုင်ဖို့ တရားမဝင် ငွေကြေးပေးပို့မှုတွေ ထပ်မံ လုပ်ဆောင်ထားမယ် ဆိုရင် ငွေဒဏ်အပြင် ရမှတ်လျှော့ပြစ်ဒဏ်ကိုပါ ကျခံရလိမ့်မယ်လို့ သိထားရပါတယ်။