ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာပဲ သူတို့အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နည်းပြချုပ်နေရာ အတွက် ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်ခံထားရတဲ့ နာဂျယ်စမန်းကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစကမှ နည်းပြဟောင်း တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ ဂရေဟမ် ပေါ်တာကို စာချုပ်ဖျက်သိမ်းကြေး အမြောက်အမြား ပေးကာ နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့ပေမယ့် ပေါ်တာရဲ့ လက်အောက်မှာ သူတို့အသင်းဟာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ မရခဲ့ပါဘူး။

Photo Credit: Mirror

ဒါကြောင့်ပဲ ချယ်လ်ဆီးဘုတ်အဖွဲ့က ပြီးခဲ့တဲ့ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၂ ဗီလာ ပွဲအပြီးမှာပဲ အရေးပေါ် အစည်းအဝေး တခု ပြုလုပ်ကာ ပေါ်တာကို ရာထူးကနေ ထုတ် ၊ မထုတ် ဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် အဖြစ် ယနေ့မနက် အစောပိုင်းမှာပဲ ချယ်လ်ဆီးဟာ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ပြီးတာနဲ့ တပြိုင်နက် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြဟောင်း နာဂျယ်စမန်းထံ ဆက်သွယ်ကာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပြီး အကယ်၍ နာဂျယ်စမန်းကို မရခဲ့ရင်တော့ စပို့တင်းနည်းပြ အမိုရင်ကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Photo Credit: Mirror

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း ချယ်လ်ဆီးဟာ နာဂျယ်စမန်းကို ခေါ်ယူဖို့ ကြိုးစားနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားကြသလို နာဂျယ်စမန်းက ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်းပါ ဖော်ပြထားကြတာကြောင့် မကြာခင်မှာပဲ နာဂျယ်စမန်းဟာ ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာဖွယ် ရှိပါတယ်။