ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက လာမယ့် နွေဈေးကွက် အတွင်းမှာ အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးက အိုဆီမန်အတွက် နာပိုလီနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က လိုင်လီကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၇၇.၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပြီး သူက နာပိုလီ အတွက် ၄နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံမှာ ၁၃၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၈ကြိမ် ရရှိထားပါတယ်။

Photo Credit: Football 365

ဗစ်တာ အိုဆီမန်က နာပိုလီနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် သူ့ကို စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် အမွှန်းတင် ချီးကျူးနေကြပြီး ချယ်လ်ဆီးအပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်း တချို့က ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့ကြပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ နာပိုလီထံ တရားဝင် ဆက်သွယ်မှုတွေ စတင် လုပ်ဆောင်နေပြီး ချယ်လ်ဆီးက အိုဆီမန် အတွက် လူကာကူ (သို့) လူငယ်ကြယ်ပွင့် တဦး + ပြောင်းရွှေ့ကြေး ယူရိ ၈၀သန်း ဝန်းကျင် ပေးချေဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရှိရပါတယ်။

Photo Credit: Football Transfer

ချယ်လ်ဆီးက တိုက်စစ်ပိုင်းမှာ နီကိုလပ်စ် ဂျက်ဆန် ၊ ဘရော်ဂျာ ၊ အန်ကွန်ကူ စတဲ့ တိုက်စစ်မှူး ၃ဦးကို ပိုင်ဆိုင်ထားပေမယ့် ဘရော်ဂျာကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ ဆုံးဖြတ်ထားသလို ဂျက်ဆန်နဲ့ အန်ကွန်ကူတို့ရဲ့ ခြေစွမ်းပိုင်းကိုလည်း သဘောမကျတာကြောင့် အခုလိုမျိုး ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးစားလာတာပါ။

ကနဦးမှာ နာပိုလီက ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းမှ မရရင် အိုဆီမန်ကို မရောင်းဘူးလို့ ကြွေးကြော်ထားပေမယ့် အိုဆီမန်ရဲ့ စာချုပ်က ၂နှစ်သာ သက်တမ်း ကျန်ရှိတော့တာကြောင့် အိုဆီမန်ကို လာမယ့် နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ဝန်းကျင်နဲ့ ရောင်းချနိုင်ကြောင်း နာပိုလီနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။