ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီအတွက် အသင်းကို အင်အားဖြည့်တင်းဖို့ ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား ဇာဗီ ဆိုင်မွန်စ်နဲ့ အေဂျက်စ်အသင်းက နောက်ခံလူ ဂျော်ရယ် ဟာတိုတို့ကို အခုတစ်ပတ်အတွင်း အပြီးသတ်ခေါ်ယူနိုင်ဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။
ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ကစားသမားနှစ်ဦးစလုံးနဲ့ ရေရှည်စာချုပ်များအတွက် တစ်ဦးချင်း သဘောတူညီမှုများ ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။ အခုအခါ အပြောင်းအရွှေ့ကြေးအတွက် သက်ဆိုင်ရာကလပ်အသင်းများနဲ့ အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး အခြေအနေကောင်းများ ရရှိနေပြီဖြစ်ပါတယ်။
Photo Credit : Sky Sports
နယ်သာလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားနဲ့ တောင်ပံကစားသမား ဇာဗီ ဆိုင်မွန်စ်အတွက် ချယ်လ်ဆီးအသင်းက ယူရို(၅၅)သန်းကနေ သန်း(၆၀)ကြားရှိတဲ့ ပြောင်းရွှေ့ကြေး package နဲ့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့်လည်း ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းက ယူရိုသန်း(၇၀)အထိ အလိုရှိနေသောကြောင့် ချဲလ်ဆီးအသင်းအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမှုကို ထပ်မံတိုးမြှင့်သွားဖွယ်ရှိသည်။
အေဂျက်စ်အသင်းရဲ့ အသက်ငယ်ဆုံး ကပ္ပတိန်အဖြစ် စံချိန်တင်ထားတဲ့ နောက်ခံလူ ဂျော်ရယ် ဟာတိုအတွက်မူ ချယ်လ်ဆီးနဲ့ အေဂျက်စ်အသင်းတို့ သဘောတူညီမှုရဖို့ အလွန်နီးစပ်နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ယူရို(၄၈)သန်းဝန်းကျင်နဲ့ ညှိနှိုင်းလျက်ရှိပေမယ့်လည်း ချယ်လ်ဆီးအသင်းက ကနဦးပေးချေငွေကို ပိုမိုပေးချေကာ ပြောင်းရွှေ့ကြေးကို ယူရို(၄၂)သန်းဝန်းကျင်အထိ လျှော့ချနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
Photo Credit : BBC
ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက အခုတစ်ပတ်အတွင်း ကစားသမားနှစ်ဦးလုံးရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိနေပါတယ်။ အပြောင်းအရွှေ့များမှာ အခြေအနေ အလွန်ကောင်းမွန်နေပြီဖြစ်ပေမယ့်လည်း လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တဲ့အတွက် လာမယ့်ရက်အနည်းငယ်က အသင်းအတွက် အရေးကြီးတဲ့ အချိန်အခါ ဖြစ်လာပါလိမ့်မယ်။
ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ ချယ်လ်ဆီးဟာ ဒီနွေမှာ ဂျာအို ပတ်ဒရို ၊ လီယန် ဒီလက်ပ် ၊ ဂျင်မီ ဂစ်တန်စ် အစရှိတဲ့ ကစားသမားကောင်းတွေ ခေါ်ယူဖြည့်တင်းထားခဲ့ပြီး အင်အားအတောင့်တင်းဆုံး အခြေအနေ ရှိနေပေမယ့်လည်း နယ်သာလန် ကြယ်ပွင့်တွေဖြစ်တဲ့ ဇာဗီ ဆိုင်မွန်စ်နဲ့ ဟာတိုတို့ပါ ထပ်မံ ဖြည့်တင်းဖို့ပါ စီစဉ်လာခဲ့တာပဲ ဖြစ်ပါတယ်။