ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အမြဲတမ်း နည်းပြချုပ်ရာထူး အတွက် စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူ ခန့်အပ်နိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလေရဲ့ ဦးဆောင်မှုကို ရှေ့ဆက်နေတဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေသလို နည်းပြအပြောင်းအလဲ များစွာလည်း ပြုလုပ်ထားပြီး ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ တခုအတွင်းမှာပဲ နည်းပြ ၄ဦး အထိ ပြောင်းလဲထားပါတယ်။

Photo Credit: Goal

တော့ပ် ဘိုလေက ရာသီအစမှာ အသင်းရဲ့ ရှိရင်းစွဲနည်းပြ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပေမယ့် အဆင်မပြေတဲ့နောက် ပေါ်တာကို ရာထူးကနေ ထုတ်ကာ လက်ထောက်နည်းပြ ဆောလ်တာကို ယာယီနည်းပြ အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ဆောလ်တာက သူ့ရဲ့ ချယ်လ်ဆီးနည်းပြ ဘဝ အဖွင့်ပွဲမှာ လီဗာပူးကို သရေကျအောင် ကစားနိုင်ခဲ့ပေမယ့် တော့ပ် ဘိုလေက ဆောလ်တာကိုလည်း သဘောမကျတာကြောင့် ဆောလ်တာကို ၁ပွဲထဲသာ ကိုင်တွယ်ခွင့် ပေးပြီးနောက် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ လမ်းပတ်ကို ရာသီကုန် အထိ ယာယီနည်းပြ အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြန်ပါတယ်။

ဒါပေမယ့် လမ်းပတ်ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ၄ပွဲကစား ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ခဲ့တာကြောင့် ဘိုလေ ဦးဆောင်နေတဲ့ ချယ်လ်ဆီးဘုတ်အဖွဲ့က နည်းပြချုပ် တဦး အလျင်အမြန် ခန့်အပ်ဖို့ စဉ်းစားလာခဲ့ပြီး ဆောက်သမ်တန်နဲ့ စပါးတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ပိုချက်တီနိုဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Talksport

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ ပိုချက်တီနိုတို့က ယခုတပတ် အတွင်းမှာ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေ အားလုံးဟာ အဆင်ပြေခဲ့ကြောင်းနဲ့ ယခုတပတ်ထဲမှာပဲ ချယ်လ်ဆီးက ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်မလား ၊ မခန့်ဘူးလား ဆိုတာကို အပြီးသတ် ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း ပိုချက်တီနိုဟာ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာတော့မယ် ဆိုတဲ့ အချက်ကို ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးရဲ့ ကစားသမားတွေကလည်း ပိုချက်တီနိုကို သဘောကျကြောင်းနဲ့ ပိုချက်တီနိုဟာ ရာသီမကုန်ခင်မှာပဲ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။