ချယ်လ်ဆီးအသင်းကတော့ ဒီနှစ်ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာသာမကပဲ ဆောင်းဈေးကွက်အတွင်းမှာပါ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေကို အသေအချာလေး လုပ်ဆောင်လျက် ရှိနေရာ လာမဲ့နွေမှာလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒိုကို အဓိကပစ်မှတ်အဖြစ်နဲ့ ကမ်းလှမ်းလာဖွယ် ရှိနိုင်တယ်လို့ CBS Sports ရဲ့ သတင်းထောက် ဘင်ဂျက်ကော့စ်က ဖော်ပြသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

နွေဈေးကွက်တုန်းက စတာလင် ကူကူရယ်လာ ကူလီဘလီ ဖိုဖာနာတို့ကို ခေါ်ယူခဲ့သလို အခု ဆောင်းဈေးကွက်အတွင်းမှာ ဂျာအိုဖီးလစ် ဘာဒီအက်ရှီလီတို့ကို ခေါ်ယူထားပြီး အာဆင်နယ်ပစ်မှတ် မူဒရစ်ကိုပါ ထပ်မံ ခေါ်ယူသွားနိုင်တော့မဲ့ ချယ်လ်ဆီးအသင်းဟာ ဒီဈေးကွက်(၂)ခုအတွင်းမှာ တိုက်စစ်နဲ့ ခံစစ်ပိုင်းတွေအတွက်ကိုသာ အဓိက ဦးစားပေး ခေါ်ယူထားခဲ့တာဖြစ်လို့ လာမဲ့နွေမှာတော့ ကွင်းလယ်ပိုင်းကို ဦးစားပေးလာနိုင်ပါတယ်။ ဒါ့အပြင် သူတို့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အာဂျင်တီးနား ကြယ်ပွင့်လေး ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကိုလည်း မခေါ်ယူနိုင်ခဲ့တာကြောင့် လာမဲ့နွေမှာတော့ ချယ်လ်ဆီးတို့ ကွင်းလယ်ပိုင်းအတွက် အသုံးစရိတ်တွေ ထပ်သုံးလာဖွယ် ရှိလာနိုင်ပါတယ်။

Photo Credit : This is Anfield

ချယ်လ်ဆီးအသင်းအနေနဲ့ အခုလာမဲ့နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ကန်တေ ဂျော်ဂျင်ဟိုတို့ ကွင်းလယ်(၂)ဦးထဲက အနည်းဆုံး တစ်ဦးဦးကို လက်လွတ်ရနိုင်တဲ့အပြင် ဂျုဗင်တပ်စ်ကနေ ခေါ်ယူထားတဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဇာကာရီယာကိုလည်း အငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားခဲ့ပေမဲ့ တကယ် အပြီးသတ်ခေါ်ပါ့မလား ဆိုတာကလည်း မသေချာသေးတာကြောင့် ကွင်းလယ်ပိုင်း မဖြစ်မနေ ဖြည့်တင်းဖို့က လိုအပ်လာမှာ အသေအချာပါပဲ။ ဒီ့အတွက်လည်း ချယ်လ်ဆီးဘက်က ဘရိုက်တန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ကိုင်စီဒိုကို main target အဖြစ် သတ်မှတ်လာနိုင်ပါတယ်။ ချယ်လ်ဆီးဘက်က အန်ဇိုကို ခေါ်ယူဖို့ လက်မလျှော့သေးဖွယ် ရှိနိုင်ပေမယ့် ကိုင်စီဒိုက အန်ဇိုထက် ပရီးမီးယားလိဂ် အတွေ့အကြုံ သာလွန်နေတဲ့အပြင် အန်ဇိုလောက် ပြောင်းရွေ့ကြေးလည်း မများနိုင်တာကြောင့် ချယ်လ်ဆီးတို့ ဒီ option ကို စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဂျက်ကော့စ်ရဲ့ဖော်ပြချက်မှာတော့ ဘရိုက်တန်အနေနဲ့ ကိုင်စီဒိုကို အခုဆောင်းဈေးကွက်အတွင်းမှာ လုံးဝ လက်လွတ်သွားဖို့ အစီအစဉ် မရှိပေမဲ့လည်း နွေဈေးကွက်မှာထဲဆိုရင်တော့ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာခဲ့မယ်ဆိုရင် စဉ်းစားကောင်း စဉ်းစားလာနိုင်တယ်လို့ သိရပါတယ်။