ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့က လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အသင်းနည်းပြ ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို ယုံကြည်နေဆဲ ဖြစ်ကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မတ်လောက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေနဲ့ ဘုတ်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာပဲ အသင်းအတွက် ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလား စတဲ့ အဖိုးတန် ဆုဖလားတွေကို ရယူပေးထားတဲ့ နည်းပြ တူဟယ်လ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဘရိုက်တန်ကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်တဲ့ နည်းပြ ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို ပေါင် ၃၀သန်း ဝန်းကျင် အထိ သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Football London

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက အင်္ဂလန်သား နည်းပြတွေထဲမှာ နည်းစနစ်ပိုင်း ကျေညက်တဲ့ နည်းပြအဖြစ် နာမည်ကြီးသူ ဖြစ်တာကြောင့် ပေါ်တာ တယောက် ချယ်လ်ဆီးဆီ ရောက်လာချိန်မှာ ပေါ်တာက တူဟယ်လ်ရဲ့ ခြေရာကို နင်းကာ ချယ်လ်ဆီးကို အောင်မြင်မှုတွေဆီ ခေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

ဒါပေမယ့် ဂရေဟမ် ပေါ်တာနဲ့ ချယ်လ်ဆီးတို့ရဲ့ ပေါင်းစပ်မှုက ထင်ထားသလို ဖြစ်မလာပဲ ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့တဲ့ အထိ ခြေစွမ်းကျဆင်းနေသလို ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ အထိ ရောက်နေကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒေါ့မွန်ကို ပထမအကျော့မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ အမာခံ ပရိသတ်တချို့က ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ဖို့ ချယ်လ်ဆီး ၀-၁ ဆောက်သမ်တန် ပွဲအပြီးမှာ စတင် တောင်းဆိုလာကြပြီး ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မတ်လောကတော့ ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့ဟာ ဂရေဟမ် ပေါ်တာအပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ကြောင်း ဆိုလာပါတယ်။

မတ်လောရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာကို ထောက်ခံထားသလို အောင်မြင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။