ချယ်လ်ဆီးအသင်းဟာ တစ်ချိန်က သူတို့အသင်းရဲ့ အကယ်ဒမီမှာ ရှိခဲ့ဖူးတဲ့ အင်္ဂလန်ကြယ်ပွင့်လေး ဂျေမီ ဂစ်တင်ကို ဘိုရုရှား ဒေါ့မွန်အသင်းကနေ ပေါင်သန်း(၅၀)နဲ့ ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီအပြောင်းအရွှေ့ကို ကလပ်ကမ္ဘာ့ဖလား မတိုင်ခင် အပြီးသတ်နိုင်ဖို့ ချယ်လ်ဆီးတို့က မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဒီအင်္ဂလန်သားလေးကို ချယ်လ်ဆီးတို့က စိတ်ဝင်စားမှု ပြသခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ နှစ်သင်းလုံးအတွက် အဆင်ပြေမယ့် သဘောတူညီမှုတစ်ခုကို ရရှိဖို့ ကြိုးပမ်းနေတာပါ။ ဂစ်တင်ဟာ အင်္ဂလန် ယူ-၂၁ အသင်းမှာလည်း ရွေးချယ်ခံခဲ့ရဖူးပြီး ငယ်စဉ်က ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
Photo Credit : Planet Sport
Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ ဂစ်တင်ရဲ့ စာချုပ်ပါ လျော်ကြေးငွေဟာ ပေါင်သန်း(၅၀)ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်မှာ ဒေါ့မွန်လူငယ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းကြီးရဲ့ ပုံမှန်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာတော့ ရာသီလယ် နည်းပြအပြောင်းအလဲနဲ့ ခြေစွမ်းအတက်အကျတွေ ရှိခဲ့ပေမယ့် ဂစ်တင်ဟာ ပွဲပေါင်း(၄၈)ပွဲ ပါဝင်ကစားခဲ့ပြီး (၁၂)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေထဲက တစ်ဂိုးကတော့ ချန်ပီယံလိဂ်မှာ ရီးယဲလ် မက်ဒရစ်အသင်းကို သွင်းယူခဲ့တာ ဖြစ်ပြီး အသင်းကို အဆင့်(၄)အတွင်း ဝင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
Photo Credit : The Chelsea Chronicles
ဒေါ့မွန်တိုက်စစ်မှူးဟောင်း ကားလ် ဟိန့်ဇ် ရီဒယ်လ်က ဒီရာသီအစောပိုင်းမှာ The Sun သတင်းစာကို ဂစ်တင်ဟာ ဂျေဒန် ဆန်ချို နဲ့ ဂျုဒ် ဘယ်လင်ဂမ်တို့လို ကစားသမားမျိုး ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ “ဂျေမီက ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဆီက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အဆင့်ကိုတော့ (၁၀၀)ရာခိုင်နှုန်း မရောက်သေးပါဘူး။ ဒါပေမယ့် သူက အဲ့ဒီလို ကစားသမားမျိုး ဖြစ်လာနိုင်ဖို့ အရည်အချင်းအားလုံးကို ပိုင်ဆိုင်ထားပါတယ်။ သူက နောက်ထပ် ဆန်ချို၊ ဟာလန်း ဒါမှမဟုတ် ဘယ်လင်ဂမ် ဖြစ်လာနိုင်ပါတယ်” လို့ ရီဒယ်လ်က ဆိုခဲ့ပါတယ်။
ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ ထိပ်တန်းကြယ်ပွင့်တွေကို သင့်တော်တဲ့ ဈေးနှုန်းရရှိပါက ရောင်းချလေ့ရှိပြီး အမြတ်အစွန်းများစွာ ရရှိလေ့ရှိပါတယ်။ ဘယ်လင်ဂမ်၊ အာလင်း ဟာလန်း နဲ့ ဆန်ချိုတို့လို ကစားသမားတွေကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောင်းချခဲ့ဖူးပါတယ်။