ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီအတွင်း အသင်းကနေ ကစားသမား အများအပြားကို ရှင်းထုတ်သွားဖို့ ရှိနေတဲ့အတွက် ဒီကစားသမားတွေရဲ့နေရာမှာ ပြန်လည် ဖြည့်တင်းမှုတွေလည်း လုပ်ဆောင်ရဖို့ ရှိနေပြီး တိုက်စစ်ပိုင်းအတွက်ကိုတော့ ဗီလာရီးယဲလ်က နီကိုးလပ်စ်ဂျက်ဆန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အူဘာမီယန်း ပူလီဆစ် ဇီယက်ရှ်တို့ကို အသင်းကနေ ရှင်းထုတ်ဖို့ ရှိနေသလို စတာလင် ဟာဗက်ဇ်တို့ရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေရပြီး အင်တာမီလန်ဆီ အငှားချထားတဲ့ လူကာကူဟာလည်း အင်တာဆီ အပြီးသတ် ပြောင်းမလား ဆော်ဒီလိဂ်ဆီပဲ သွားမလားဆိုတာ မသေချာချိန် ချယ်လ်ဆီးဘက်က တိုက်စစ်အတွက် ဆီနီဂေါ ကစားသမားကို မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ ဂျက်ဆန်က အသက် (၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ အာဖရိက တိုက်စစ် ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့ စာချုပ်လျော်ကြေးဟာလည်း ယူရို (၃၅)သန်းဝန်းကျင်သာ ရှိနေပါတယ်။

Photo Credit :  Barca Blaugranes

ဒီလို ဈေးချိုပြီး အရည်အသွေးကောင်းတဲ့ ကစားသမားလေးကို ချယ်လ်ဆီးအသင်းနဲ့အပြိုင် အေစီမီလန် လိုက်ပ်ဇစ်နဲ့ ပရီးမီးယားလိဂ်က ကလပ်အသင်းတချို့ဟာလည်း စိတ်ဝင်စားနေကြပြီး ကစားသမားဘက်ကတော့ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လာလီဂါမှာ (၂၆)ပွဲကစား (၁၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျက်ဆန်ဟာ ဗီလာရီးယဲလ်ရဲ့ အားထားရတဲ့ ကစားသမားလေး ဖြစ်သလို ဆီနီဂေါလက်ရွေးစင်အသင်းနဲ့လည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဆင်နွဲထားခဲ့ရပါသေးတယ်။

The Evening Standard သတင်းမီဒီယာမှာတော့ ဂျက်ဆန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ချယ်လ်ဆီးအသင်းက တာဝန်ရှိသူတွေဟာ ယခင် တစ်ပတ်ခန့်လောက်ကတည်းက ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးထားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။