ချယ်လ်ဆီးကတော့ ဘောလုံးရာသီသစ် မစတင်ခင်မှာပဲ ကစားသမား အရောင်းအဝယ်တွေကို ခပ်ကြမ်းကြမ်း လုပ်ဆောင်သွားဖို့ ရှိနေပြီး တိုက်စစ်အားသန် ကစားသမား(၂)ဦးဖြစ်တဲ့ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုတို့ကို ခေါ်ယူနိုင်ဖို့ပါ ကြိုးပမ်းသွားဖို့လည်း ရှိနေပါတယ်။

ချယ်လ်ဆီးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်နဲ့ ကျင်းပနေချိန်အတွင်းမှာပဲ လီယန် ဒီလက်ပ်၊ ဂျင်မီ ဂစ်တန်စ်နဲ့ ဂျာအို ပတ်ဒရိုတို့လို တိုက်စစ်ကစားသမားတွေကို ခေါ်ယူခဲ့သလို ကမ္ဘာ့ချန်ပီယံပါ ဖြစ်သွားခဲ့တာကြောင့် ဈေးကွက်မှာ ကစားသမားသစ်တွေ ထပ်မံ အားဖြည့်ဖို့အတွက် ငွေကြေးအင်အားလည်း ပိုမိုတောင့်တင်းသွားခဲ့ရပါတယ်။

Photo Credit : Youtube

လက်ရှိမှာတော့ ချယ်လ်ဆီးက အေဂျက်စ်အသင်းရဲ့ နယ်သာလန် လူငယ်နောက်ခံကစားသမားလေး ဟာတိုကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ကစားသမားက ဆေးစစ်မှုတွေလည်း အောင်မြင်ခဲ့ပြီဖြစ်လို့ ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန်ကြေညာနိုင်ဖွယ် ရှိနိုင်ပါတယ်။ ဗဟိုခံစစ်နဲ့ ဘယ်ခြမ်းခံစစ်နေရာတွေ ကစားတက်တဲ့ ဟာတိုက ကူကူရယ်လာရဲ့ back-up အဖြစ် ကစားရနိုင်ပါတယ်။

ဟာတိုရဲ့ အပြောင်းအရွှေ့ပြီးတာနဲ့ နောက်ထပ် နယ်သာလန် ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ဇာဗီ ဆိုင်မွန်စ်ကို ကြိုးပမ်းလာနိုင်ပါတယ်။ ဆိုင်မွန်စ်ကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို ပြောင်းချင်နေတာမို့ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ ကလပ်အသင်း အချင်းချင်း သဘောတူညီမှု ရဖို့သာ အဓိက လိုအပ်နေပါတော့တယ်။

Photo Credit : BeSoccer

ချယ်လ်ဆီးက ဆိုင်မွန်စ်လို အရည်အသွေးမြင့် ကစားသမားလေးတစ်ဦးကို ခေါ်နိုင်ခဲ့ရင်တောင် သူတို့ရဲ့ ပစ်မှတ်ကစားသမားဖြစ်သူ ဂါနာချိုကိုလည်း ထပ်ပြီး try သွားဖို့ ရှိနိုင်ပါတယ်။ ဒီအာဂျင်တီးနား တောင်ပံကစားသမားလေးက ယူနိုက်တက်ကနေ သေချာပေါက် ထွက်ခွာတော့မှာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းဘက်က ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး ခေါ်ယူချင်နေတဲ့ ဆိုင်မွန်ရော ဂါနာချိုရော ချယ်လ်ဆီးအသင်းဆီ ပြောင်းချင်ကြနေပေမယ့် ကစားသမားနှစ်ဦးရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေကတော့ သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားမှာဖြစ်လို့ ကလပ်အသင်း နှစ်သင်းကြား အပြန်အလှန် သဘောတူညီမှု ရယူနိုင်ဖို့ကတော့ အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။