ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ရေးဗားပလိတ် လူငယ်ကြယ်ပွင့် အယ်ချီဗယ်ရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၇နှစ် အရွယ် အာဂျင်တီးနား လူငယ်ကြယ်ပွင့် အယ်ချီဗယ်ရီက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ ကစားသမား ဖြစ်ပြီး သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ပွဲ ကစားခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Goal

အယ်ချီဗယ်ရီက နာမည်ကျော် အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီလို နံပါတ်၁၀နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ အယိမ်းအနွဲ့ ၊ အကွက်မြင်မှုနဲ့ ဂိုးသွင်းသေသပ်မှုတို့ကြောင့် အာဂျင်တီးနားပရိသတ်တွေက သူ့ကို မက်ဆီလက်သစ်လို့ တင်စားနေကြပါတယ်။

အယ်ချီဗယ်ရီက သူ့ရဲ့ကလပ် ရေးဗားပလိတ် အတွက် ဒီရာသီမှာ ၁၂၄မိနစ်သာ ပါဝင် ကစားပေးခဲ့ရပေမယ့် ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါသေးတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က အယ်ချီဗယ်ရီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာပြီး အယ်ချီဗယ်ရီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၂၅သန်းနဲ့ ယူရို ၃၀သန်းကြား တန်ကြေး ရှိကြောင်း သိရပါတယ်။

လက်ရှိမှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက အယ်ချီဗယ်ရီကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ဘာစီလိုနာဟာ အယ်ချီဗယ်ရီ အတွက် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေနိုင်မှာ မဟုတ်တာကြောင့် အယ်ချီဗယ်ရီရဲ့ အသင်းသစ်ဟာ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့ နှစ်သင်းထဲက တသင်း ဖြစ်လာဖို့ ရာခိုင်နှုန်း များနေပါတယ်။