လျော်ကြေးစာချုပ် တန်ဖိုး ပေါင် (၃၅)သန်းသာ ရှိနေတဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ တောင်ပံ ကစားသမားလေး မိုက်ကယ် အိုလီဆေးကို ချယ်လ်ဆီး နဲ့ မန်ချက်စတာ စီးတီးအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြတယ်လို့ ဖာဘရီဇီယို ရိုမာနိုကနေ ဖော်ပြသွားခဲ့ပါတယ်။

အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ ပြင်သစ် ကစားသမားလေး အိုလီဆေးဟာ အင်္ဂလန်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အာဆင်နယ် ချယ်လ်ဆီး နဲ့ မန်စီးတီးအသင်းတွေရဲ့ လူငယ် အကယ်ဒမီတွေမှာပါ ဘောလုံး ပညာရပ်ကို ဆည်းပူးခဲ့ပါသေးတယ်။ ၂၀၁၉ခုနှစ်မှာတော့ ရက်ဒင်းအသင်းနဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ရက်ဒင်းအတွက် (၃)ရာသီ ကစားပေးခဲ့သလို ၂၀၂၁ခုနှစ်မှာလည်း ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

Photo Credit : Twitter

အဲ့ဒီလို အောင်မြင်မှုတွေ စတင် ရရှိလာချိန်မှာပဲ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်က အိုလီဆေးကို ခေါ်ယူခဲ့ပြီး သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာပဲ (၂၆)ပွဲအထိ ကစားခဲ့ရသလို အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပဲလေ့စ်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၇)ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး (၂)ဂိုးသွင်း (၁၁)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အရည်အသွေးမြင့် ကစားသမားလေးဖြစ်သူ အိုလီဆေးကို သူရဲ့ အကယ်ဒမီဟောင်း အသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီး နဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေတာကြောင့် သူတို့ အလိုရှိနေတဲ့ ကစားသမားစာရင်းထဲပါ ထည့်သွင်းထားခဲ့ပြီး ပေါင် (၃၅)သန်းသာ ရှိနေတဲ့ အိုလီဆေးရဲ့ စာချုပ်လျော်ကြေး တန်ဖိုးကိုလည်း မျက်စိကျနေပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် ခက်တာက အိုလီဆေးဟာ မကြာသေးခင်ကမှ ကျင်းပ ပြီးစီးသွားခဲ့တဲ့ ယူရို ယူ-၂၁ပြိုင်ပွဲမှာ ပြင်သစ် ယူ-၂၁အသင်းအတွက် ပါဝင် ဆင်နွဲရင်း တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒီ အခြေအနေက သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအတွက် စဉ်းစားစရာ ဖြစ်နေခဲ့ရပါတယ်။

ဒီဒဏ်ရာကြောင့် အိုလီဆေးက ဘယ်လောက် အတိုင်းအတာလောက်အထိ အနားယူရမလဲဆိုတာ တိတိကျကျ မသိရှိရသေးတာမို့ ဒါက ချယ်လ်ဆီး နဲ့ မန်စီးတီးတို့က ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် မရှိသေးပဲ ကစားသမားရဲ့ အေးဂျင့်နဲ့သာ ဆက်သွယ်ရင်း ဒဏ်ရာ အခြေအနေကို အတိအကျ သိရှိဖို့ လုပ်ဆောင်သွားဖွယ်သာ ရှိနေပါတယ်။

Featured Image : Premier League