ယခုနှစ် ဘောလုံးရာသီမှာ ငွေကြေး အလုံးအရင်း သုံးစွဲကာ အသင်းကို သွေးသစ် လောင်းနေတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက သူတို့ရဲ့ နောက်ဆုံး ခေါ်ယူမှု အဖြစ် ဆောက်သမ်တန်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂျင်မီ မော်ဂန်ကို ယူရို ၆သန်း ပေးကာ ခေါ်ယူလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ကူလီဘလီ ၊ ကူကူရယ်လာ ၊ ဖိုဖာနာ ၊ စတာလင်း ၊ အူဘာမီယန်း ၊ ဘာဒစ်ရှိလာ ၊ မူဒရစ်ခ် ၊ မာဒူအက်ခီ ၊ ဂူစတို ၊ အန်ဇို ဖာနန်ဒက်ဇ် စတဲ့ ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ ခေါ်ယူထားသလို ဆလိုနီနာ ၊ ချူဟွေမီကာ ၊ ကာဆာဒါအီ ၊ အန်ဒရေ ဆန်းတို့စ် ၊ ဒက်ထရို ဖိုဖာနာ စတဲ့ လူငယ်ကြယ်ပွင့်တွေကိုလည်း ငွေအမြောက်အမြား ပေးချေကာ ခေါ်ယူထားပါသေးတယ်။

Photo Credit: The Sun

ဒါပေမယ့် ချယ်လ်ဆီးက သူတို့ရဲ့ ကစားသမား အင်အား ဖြည့်တင်းမှုကို မရပ်တန့်သေးပဲ ယနေ့မနက် အစောပိုင်းမှာတင် ဆောက်သမ်တန် လူငယ်အသင်းတွေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂျင်မီ မော်ဂန်ကို ပြောင်းရွှေ့ကြေး ယူရို ၆သန်း အထိ ပေးကာ ထပ်မံ ခေါ်ယူခဲ့ပါတယ်။

၂၀၀၆ခုနှစ်ဖွား အသက် ၁၇နှစ် အရွယ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂျင်မီ မော်ဂန်က ယခုနှစ် ဘောလုံးရာသီမှာ ဆောက်သမ်တန် လူငယ်အသင်းတွေ အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူဟာ အင်္ဂလန် ယူ-၁၇ လက်ရွေးစင်လည်း ဖြစ်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဂျင်မီ မော်ဂန်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ ယနေ့မနက်မှာတင် ဆောက်သမ်တန်နဲ့ တရားဝင် သဘောတူညီမှု ရခဲ့ပြီး ဂျင်မီ မော်ဂန်က ချယ်လ်ဆီးနဲ့ ဆေးစစ်မှုတွေ မကြာခင်မှာပဲ ပြုလုပ်ဖို့ စီစဉ်နေကာ မော်ဂန်ဟာ ချယ်လ်ဆီးဆီ ရောက်လာရင် ယူ-၂၁ အသင်းမှာ ပါဝင် ကစားရနိုင်ကြောင်း သိရပါတယ်။