ကဲ ဒီတပတ်မှာ ရှိတဲ့ ချန်ပီယံလိဂ် ညချမ်း ၂ခုထဲက တခုကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနေ့ညမှာလည်း ပရိသတ်တွေကို ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ ၊ စပါးနဲ့ အေစီမီလန်တို့လို ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်းတွေက စောင့်မျှော်နေပါသေးတယ်။ ဒါကြောင့် ဒီတခါမှာလည်း ကျွန်တော်တို့ရဲ့ MYSPORT Team ကနေ ပြီးတော့ ပရိသတ်တွေ အတွက် ပွဲကြို ရင်ခုန်သံ သုံးသပ်မှုတွေကို လုပ်ပေးသွားချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ…။

Photo Credit: The Sun

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ (ကြာသပတေးနေ့ မနက် ၂နာရီခွဲ)

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ နှစ်သင်းစလုံးက သက်ဆိုင်ရာ လိဂ်တွေရဲ့ အကောင်းဆုံးအသင်းတွေပါ။ ဒါကြောင့် ဒီပွဲကို ဘွန်ဒက်လီဂါနဲ့ လီဂူးဝမ်းတို့ရဲ့ ပြိုင်ဆိုင်မှုလို့တောင် တင်စားလို့ ရပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့က ပထမအကျော့ အဖြစ် ပြင်သစ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတုန်းက ဘိုင်ယန်မြူးနစ်ဟာ အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့မှုက ဘိုင်ယန်မြူးနစ်ကို နောက်တဆင့်ဆီ ပို့ပေးနိုင်ဖို့ မသေချာသေးပါဘူး။

လတ်တလော ခြေစွမ်းအရ ယှဉ်ကြည့်ရင် နှစ်သင်းစလုံးရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက များစွာ ကွာခြားလှခြင်း မရှိသေးပါဘူး။ ဘိုင်ယန်မြူးနစ်က နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၆ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ တဖက်မှာတော့ ပီအက်စ်ဂျီက နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၆ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိထားပါတယ်။ နှစ်သင်းစလုံးက နောက်ဆုံး ၁၀ပွဲမှာ ၆ပွဲစီ အနိုင်ရထားတာခြင်း တူပေမယ့် ပီအက်စ်ဂျီက ရှုံးပွဲ ပိုများနေသလို ရှုံးထားတဲ့ ၃ပွဲမှာ ၂ပွဲက အဝေးကွင်းတွေမှာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီရဲ့ အဝေးကွင်းခြေစွမ်းပိုင်းက ယုံကြည်လို့ မရသလို နေမာ မပါဝင်နိုင်တဲ့ အချိန်မှာ အမ်ဘာပေနဲ့ မက်ဆီတို့ နှစ်ဦးထဲရဲ့ စွမ်းဆောင်ရည်နဲ့ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ရမှာပါ။ ဘိုင်ယန်မြူးနစ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၃ပွဲဆက်တိုက် ပေးဂိုး မရှိသေးပဲ သူတို့ရဲ့ အဓိက ကစားသမား အစုံအလင်ကို ဒီပွဲမှာ ထည့်သွင်း အသုံးပြုလို့ ရပါသေးတယ်။ ဒါကြောင့် အိမ်ရှင် ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကပဲ နောက်ထပ် နိုင်ပွဲ တပွဲကို ထပ်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဘိုင်ယန်မြူးနစ် ၃-၂ ပီအက်စ်ဂျီ

Photo Credit: The Sun

စပါးနဲ့ အေစီမီလန် (ကြာသပတေးနေ့ မနက် ၂နာရီခွဲ)

စပါးနဲ့ အေစီမီလန် နှစ်သင်းစလုံးကတော့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတဲ့ အသင်းတွေချည်းပါပဲ။ စပါးက မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီးတို့လို အဓိက ပြိုင်ဘက်တွေကို အနိုင်ရထားပေမယ့် လက်စတာ ၊ ဝုလ်ဗ် ၊ ရှက်ဖီးလ် ယူနိုက်တက် စတဲ့ နိုင်သင့်တဲ့ ပွဲတွေမှာ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲနိုင် ၊ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

တဖက်မှာ အေစီမီလန်ကလည်း ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့တောင် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ပွဲမှာ ၄ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။ ဒါကြောင့် စပါးနဲ့ အေစီမီလန်တို့က ခြေရည်တူ အသင်းတွေလို့ သုံးသပ်ရင် မှားမယ် မထင်ပါဘူး။ ဒါပေမယ့် စပါးနဲ့ အေစီမီလန်တို့မှာ တူညီတဲ့ အချက်တခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ အဝေးကွင်းပွဲတွေမှာ ရုန်းကန်ရတတ်တာပါပဲ။

စပါးက နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၅ပွဲမှာ ၁ပွဲနိုင် ၊ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အေစီမီလန်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၅ပွဲမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၃ပွဲ ရှုံးထားပါတယ်။ အဝေးကွင်း ရောက်ရင် ရုန်းကန်ရတတ်တဲ့ အသင်းပီပီ အေစီမီလန်က ဒီပွဲမှာလည်း အိမ်ရှင် စပါးကို ခြေအသာနဲ့ ကစားနိုင်ဖို့ ခက်ပါလိမ့်မယ်။ တဖက်မှာ စပါးက အဝေးကွင်းရောက်ရင် ရုန်းကန်ရတတ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၅ပွဲမှာ ၄ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အနိုင်ရခဲ့တဲ့ အသင်းတွေထဲမှာ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့ ပါဝင်နေပါတယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင်အားသာချက်ကို အသုံးချမယ့် စပါးကပဲ အနိုင်ရလဒ်ကို ရရှိပြီး နောက်တဆင့်ဆီ တက်နိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၀ အေစီမီလန်