ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲက တစ်နှစ်ထက်တစ်နှစ် ပိုမို ခက်ခဲလာခဲ့ရပြီး ပြိုင်ဘက်အသင်းတွေကလည်း ပိုပြီးကောင်းမွန်လာတာကြောင့် ဆီမီးဖိုင်နယ်အဆင့်လောက်အထိ ရောက်ရှိဖို့တောင် မလွယ်ကူတော့ဘူးလို့ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

Treble Champions မန်စီးတီးအသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ဖြစ်နေတဲ့အပြင် ချန်ပီယံလိဂ်ကိုလည်း (၁၂)နှစ်ဆက်တိုက်အထိ ဝင်ရောက် ဆင်နွဲနေရတာ ဖြစ်ပေမယ့်လည်း သူတို့အသင်း နည်းပြ ဂွာဒီယိုလာကတော့ ချန်ပီယံလိဂ်က ပိုမို ခက်ခဲလာပြီလို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဂွာဒီယိုလာက မန်စီးတီးအသင်းကို သူကိုင်တွယ်ခဲ့တဲ့ (၇)ရာသီအတွင်း ချန်ပီယံ (၁)ကြိမ် ဖိုင်နယ် (၂)ကြိမ်အထိ စွမ်းဆောင်ပေးထားနိုင်ခဲ့သလို (၇)ရာသီလုံး ချန်ပီယံလိဂ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိအောင်ပါ လုပ်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး “ချန်ပီယံလိဂ်ပြိုင်ပွဲက ပိုကောင်းလာပြီး ပိုလည်းပြင်းထန် ခက်ခဲလာတယ်။ ကျွန်တော် ဘာစီလိုနာအသင်းဆီကို ရောက်ရှိတဲ့ ပထမနှစ်တွေတုန်းကတော့ ကျွန်တော်တို့က ဆီမီးဖိုင်နယ်အဆင့်တွေဆီ အမြဲတမ်း ရောက်ရှိခဲ့ရလို့ အဆင်ပြေပြေလေး ရှိနေရတယ်။”

Photo Credit : CNN

“အခုလက်ရှိမှာတော့ ဆီမီးဖိုင်နယ်အဆင့်လောက်အထိ ရောက်ရှိဖို့တောင် ခက်ခဲလာပါပြီ။ ကလပ်အသင်းတွေက ပိုကောင်းလာတယ်။ နည်းပြတွေကလည်း ပိုပြီး နည်းစနစ်တွေ ကောင်းမွန်လာတယ်။ ကျွန်တော် ဘောလုံးသမားဘဝတုန်းကထက် အရာရာက ပိုခက်ခဲလာရပါတယ်။”

“ဒါပေမယ့် အဆုံးသတ်မှာတော့ ပိုကောင်းမွန်တဲ့ အသင်းတွေကပဲ အမြဲတမ်း ဖြတ်သန်းနိုင်ကြတာပါပဲ။ နှစ်ကျော့လုံးကို သေချာ ကစားနိုင်မယ်ဆိုရင်တော့ နောက်တစ်ဆင့် တက်လှမ်းဖို့က အခွင့်အလမ်း ပိုများနိုင်ပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။