မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီနေ့ မနက်အစောပိုင်းမှာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဆင်နွဲခဲ့ရင်းနဲ့ အိမ်ရှင်အသင်းကို (၄)ဂိုး (၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ် (၄)ပွဲ ကစားပြီးချိန် (၃)မှတ်သာ ရယူထားနိုင်ရသလို ဇယားအောက်ဆုံးကိုပါ ရောက်ရှိနေရပါတယ်။

ဒီရာသီမှာ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းရော အသင်းရလဒ်ပိုင်းတွေမှာပါ အားရစရာ အနေအထား ရှိမနေပဲ ရုန်းကန်နေရတဲ့ ယူနိုက်တက်အသင်းဟာ အခုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမယ့် အခြေအနေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

Photo Credit : Livescore

ချန်ပီယံလိဂ် (၄)ပွဲထိ ကစားထားပြီးချိန်မှာ ကိုပင်ဟေဂင်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံခဲ့တဲ့ ပွဲစဉ်တစ်ပွဲကို နိုင်ပွဲ တွေ့ထားခဲ့ရပြီး ကျန်တဲ့ ပွဲတွေကိုတော့ အရေးနိမ့်ထားခဲ့ရပါတယ်။ ပိုဆိုးတာက ကစားခဲ့ပြီးသမျှ ပွဲတိုင်းမှာလည်း ယူနိုက်တက်က ပြိုင်ဘက်အသင်းတွေကို ပင်နယ်တီ ကန်ခွင့်တွေ ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါဟာ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမှ မရှိဖူးသေးတဲ့ စံချိန်ဆိုးတစ်ခုဖြစ်ပြီး ယူနိုက်တက်က ဒီစံချိန်ဆိုးကြီးကို အခုလို ရုန်းကန်နေရတဲ့ ဘောလုံးရာသီအတွင်းမှာပဲ ရယူသွားနိုင်ခဲ့ပါတယ်။

 

Photo Credit : Livescore

ဒီပင်နယ်တီ (၄)ကြိမ်မှာ ယူနိုက်တက် ဂိုးသမား အိုနာနာ ကာကွယ်နိုင်ခဲ့တာဆိုလို့ အိုးထရက်ဖို့ဒ်ကွင်းထဲ ကိုပင်ဟေဂင်နဲ့ ပွဲစဉ်က ပင်နယ်တီ ကန်သွင်းမှုသာ ရှိခဲ့ပြီး ကျန်တဲ့ ပင်နယ်တီတွေကိုတော့ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် အုပ်စုအဆင့် (၄)ပွဲ ကစားပြီးချိန် ယူနိုက်တက် ခံစစ်က ပေးဂိုး (၁၁)ဂိုးအထိ ရှိထားရတာကြောင့် အန့်ဝပ် ဆဲလ်တစ်တို့ရဲ့နောက် တတိယမြောက် ပေးဂိုးအများဆုံး အသင်းအဖြစ် ယန်းဘွိုင်းစ်အသင်းနဲ့ ပူးတွဲ ရပ်တည်နေပါသေးတယ်။