ချယ်လ်ဆီးအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ အသင်း ကွင်းလယ်ပိုင်းအတွက် ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကိုရော ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီရို လာဗီယာကိုပါ နှစ်ဦးလုံးကို ခေါ်ယူသွားနိုင်တော့မယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးက အီကွေဒေါ ကွင်းလယ် ကစားသမား ကိုင်စီဒိုကို နွေရာသီရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှု တချို့ လုပ်ဆောင်ထားခဲ့ပေမယ့်လည်း ဘရိုက်တန်ဘက်က ချယ်လ်ဆီးရဲ့ကမ်းလှမ်းမှုတိုင်းကို သဘောမကျပဲ ပယ်ချခဲ့ပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေမှာ လီဗာပူးလ်က ကိုင်စီဒိုအတွက် ပေါင် သန်း(၁၁၀)နဲ့ ကမ်းလှမ်းလာခဲ့ရာ ဒါကို ဘရိုက်တန်ဘက်က လက်ခံခဲ့ပေမယ့်လည်း ကစားသမား ကိုယ်တိုင်ကတော့ လီဗာပူးလ်ထက် ချယ်လ်ဆီးကိုသာ ပြောင်းရွှေ့ချင်နေသလို ချယ်လ်ဆီးကပါ သူတို့ရဲ့ နွေပစ်မှတ် ကိုင်စီဒိကို ခေါ်ယူနိုင်ရေးအတွက် လက်မလျှော့သေးပဲ ထပ်မံ ကြိုးပမ်းလာပြန်ပါတယ်။

ချယ်လ်ဆီးက ကိုင်စီဒိုအတွက် လီဗာပူးလ် ကမ်းလှမ်းထားတဲ့ ပေါင် သန်း(၁၁၀)ထက် ပေါင် (၅)သန်း တိုးမြှင့် ကမ်းလှမ်းလာဖို့ စီစဥ်နေပြီး လီဗာပူးလ်ကလည်း ကိုင်စီဒိုလုပွဲမှာ ချယ်လ်ဆီးနဲ့ အပြိုင်မလုချင်တော့ပဲ သူတို့ရဲ့ ကြိုးပမ်းမှုတွေကိုပါ အဆုံးသတ်လိုက်ဖို့သာ ရှိနေပါတယ်။

Photo Credit : Twitter

အခုတော့ ချယ်လ်ဆီးက ကိုင်စီဒိုကိုသာမကပဲ လီဗာပူးလ်တို့ ခေါ်ယူချင်နေတဲ့ ဆောက်သမ်တန် ဘယ်လ်ဂျီယံ ဆယ်ကျော်သက် ကွင်းလယ်လူ လာဗီယာကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းလာခဲ့ပြန်ပါတယ်။

ချယ်လ်ဆီးက လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ​ခေါ်ယူဖို့ ဆောက်သမ်တန်နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပြီး တကယ်လို့ ဒီကစားသမား (၂)ဦးလုံးသာ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့မယ်ဆိုရင် အန်ဇို ဖာနန်ဒက်စ် ၊ ကိုင်စီဒို ၊ လာဗီလာတို့နဲ့ ချယ်လ်ဆီး ကွင်းလယ်ကတော့ စိတ်လှုပ်ရှားစရာ ဖြစ်လာပါတော့မယ်။