လာမယ့် နွေအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာတော့မယ့် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး အက်ဒီဆန် ကာဗာနီကတော့ အသင်းကနေ မထွက်ခွာမီမှာ သူ့ရဲ့ နေရာကို အစားဝင်နိုင်မယ့် တဦးထဲသော တိုက်စစ်မှူးဟာ ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ်သာ ဖြစ်တယ်လို့ မန်ယူဘုတ်အဖွဲ့ထံ ပြောကြားခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဥရုဂွေး ဝါရင့် တိုက်စစ်မှူး ကာဗာနီနဲ့ ဘင်ဖီကာ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး နူနက်ဇ်တို့ဟာ တနိုင်ငံထဲသားတွေ ဖြစ်ကြပြီး မန်ချက်စတာ ယူနိုက်တက်က အသင်းကနေ ထွက်ခွာတော့မယ့် ကာဗာနီရဲ့ နေရာအတွက် အစားထိုးမှု တရပ် အဖြစ် နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဒါဝင် နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဘင်ဖီကာနဲ့ အတူ စတင် တောက်ပလာတဲ့ လူငယ်တိုက်စစ်မှူး တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၄ဂိုး အထိ သွင်းယူပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ အသင်းကြီး အများစုက နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ အထောင်တိုက်စစ်မှူး နေရာအတွက် နူနက်ဇ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။

Photo Credit: The Sun

နာမည်ကြီး အင်္ဂလန် သတင်းထောက် တဦး ဖြစ်သူ ဒိန်ဂျုံးစ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က နူနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း နီးပါး ပေးချေကာ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အခုလိုမျိုး နူနက်ဇ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာတာဟာ ဝါရင့် တိုက်စစ်မှူး ကာဗာနီရဲ့ တိုက်တွန်းမှုတွေကြောင့် ဖြစ်ကြောင်း သိရပါတယ်။

ကာဗာနီက မန်ချက်စတာ ယူနိုက်တက်ကနေ မထွက်ခွာမီ အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ချိန်မှာ နူနက်ဇ်က မန်ချက်စတာ ယူနိုက်တက်နဲ့ သင့်တော်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်က သူ့ရဲ့နေရာ အတွက် နူနက်ဇ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။