ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး ကာဗာနီက စပိန် လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာဆီ ကာလတို စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ ကစားတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီက အသက်အရွယ်အရ အကျပိုင်းကို ရောက်လာပေမယ့် သူ့ရဲ့ အဆုံးသတ်စွမ်းရည်ဟာ ထိပ်တန်းအဆင့်မှာ ရှိနေပါသေးတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဗလင်စီယာ အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့နဲ့ တောင်အမေရိက ကလပ်တွေက ကာဗာနီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီး ကာဗာနီကတော့ သူ တခါမှ မကစားဖူးသေးတဲ့ စပိန်မြေဆီ ပြောင်းရွှေ့ပြီး ကစားချင်နေတာကြောင့် ဗလင်စီယာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဗလင်စီယာက ကာဗာနီကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစား အားထုတ်နေသလို မကြာခင်မှာပဲ ကာဗာနီနဲ့ တိုက်ရိုက် တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားပြီး ကာဗာနီကလည်း ဗလင်စီယာဆီ ပြောင်းရွှေ့ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ နီးစပ်နေကြောင်း သိရပါတယ်။

Photo Credit: Goal

ဗလင်စီယာရဲ့ နည်းပြဖြစ်သူ ဂတ်တူဆိုကလည်း သူတို့အသင်းဟာ ကာဗာနီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားထားပါတယ်။ ဂတ်တူဆိုက – “ကျွန်တော်ကတော့ ကာဗာနီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အကောင်းမြင်ထားပါတယ်။ ကျွန်တော်တို့က ကာဗာနီကို ခေါ်ယူဖို့ အလုပ်လုပ်နေတယ်။ စကားတွေ ပြောနေတယ်။ ဒါကြောင့် ကျွန်တော်တို့က ကာဗာနီကို ခေါ်ယူနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ပီတာလင်းကလည်း (ဗလင်စီယာပိုင်ရှင်) ကာဗာနီကို ခေါ်ယူနိုင်ဖို့ အတော်လေးကို ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပီတာလင်းကြောင့်ပဲ ကာဗာနီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။