ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ကိုင်တွယ်ဖူးခဲ့တဲ့ ပေါ်တူဂီလူမျိုး နည်းပြကြီး လူးဝစ် ကက်စ်ထရိုဟာ သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အယ်လ်နာဆာမှာ လက်တွဲခဲ့ရပြီး ရော်နယ်လ်ဒိုလို ကစားသမားမျိုးကို နည်းပြရတာ ဘယ်လိုမျိုးလဲဆိုတာ ဖွင့်ဟလာခဲ့ပါတယ်။

“အရမ်းလွယ်ပါတယ်။” လို့ ကက်စ်ထရိုက Sky Sports ကို ပြောပါတယ်။ “ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ အလုပ်လုပ်ရတာ တကယ့်ကို ပျော်စရာကောင်းပါတယ်။ ခရစ္စတီယာနိုမှာ အရိုးစွဲနေတဲ့ အလေ့အကျင့်ကောင်းတွေ ပြင်းထန်တဲ့ လေ့ကျင့်ရေးစိတ်ဓာတ် လေ့ကျင့်ခန်းနဲ့ ဘောလုံးပွဲအပေါ်မှာ လေးစားမှုအပြည့်ရှိတယ်။ ဒါတွေက နေ့စဉ်အလုပ်တွေကို အများကြီး ပိုလွယ်ကူစေပါတယ်။” လို့ သူက ရှင်းပြပါတယ်။

Photo Credit : Sky Sports

ကက်စ်ထရို လက်အောက်မှာ အယ်လ်နာဆာအသင်းဟာ အာရပ်ကလပ် ချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ရော်နယ်ဒိုဟာလည်း ကက်စ်ထရို ကိုင်တွယ်နေချိန်မှာ (၅၅)ပွဲကစားပြီး (၅၅)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ “ကျွန်တော်တို့ အတူတကွ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ အများကြီး ဖြတ်သန်းခဲ့ပါတယ်” လို့ သူကဆိုပါတယ်။

ရော်နယ်ဒိုဟာ အသက်(၄၀)ကျော်လာတာတောင် ကလပ်အသင်းနဲ့ နိုင်ငံအတွက် ဂိုးတွေဆက်တိုက် သွင်းယူနေနိုင်သေးတဲ့ လျှို့ဝှက်ချက်နဲ့ပတ်သက်ပြီး ကက်စ်ထရိုက “သူ့ကို တခြားသူတွေနဲ့ ကွဲပြားစေတဲ့အချက်က လေ့ကျင့်ခန်းမစခင်နဲ့ လေ့ကျင့်ခန်းပြီးသွားချိန်မှာ သူလုပ်ဆောင်တဲ့ ‘မမြင်နိုင်တဲ့ လေ့ကျင့်မှု’ (invisible training) တွေပါပဲ။ သူ့ရဲ့ အပြုအမူအားလုံးက အားကစားစွမ်းဆောင်ရည်အတွက် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားတာပါ။”

Photo Credit : Sky Sports

“သူ့ရဲ့ အစားအသောက် အိပ်စက်ချိန်နဲ့ ခန္ဓာကိုယ် ပြန်လည် နာလန်ထူမှုတွေပေါ့။ သူက ကောင်းမွန်စွာ စားသောက်ခြင်း ကောင်းမွန်စွာ အိပ်စက်ခြင်းနဲ့ သူ့ခန္ဓာကိုယ်ကို စနစ်တကျ ပြင်ဆင်ခြင်းတွေအပေါ် အလွန်အလေးထားတဲ့သူပါ။ ကျွန်တော့်အမြင်အရတော့ ဒါတွေက ခရစ္စတီယာနိုရဲ့ ကြာရှည်ခံနိုင်ရည် (longevity) ရဲ့ အဓိကအရင်းအမြစ်ပါပဲ။ ဒါက တခြားသူတွေကို စိတ်ဓာတ်တက်ကြွစေခဲ့သလား။ သေချာတာပေါ့။”

“အပြုသဘောဆောင်တဲ့ စံနမူနာတိုင်းက ကျွန်တော်တို့ကို တိုးတက်စေပါတယ်။ ကျွန်တော်တို့ရဲ့ မိဘတွေ သူငယ်ချင်းတွေလိုပေါ့။ နည်းပြတွေက ကစားသမားတွေဆီကနေ သင်ယူရပါတယ်။ အရာအားလုံးကို သိတယ်လို့ ထင်တဲ့သူတိုင်းဟာ တစ်နေရာမှာ ရပ်တန့်သွားတတ်တယ်။ ဒါက အလွန်အကန့်အသတ်ရှိတဲ့ အတွေးအခေါ်ပါပဲ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။