အယ်လ်နာဆာအသင်းရဲ့ နည်းပြဟောင်းကြီး လူးဝစ် ကက်စထရိုက အယ်လ်နာဆာအသင်း အသင်းခေါင်းဆောင် ပေါ်တူဂီ ဝါရင့် တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အလုပ်အတူတူ တွဲလုပ်ရတာကို တကယ် နှစ်သက်မိကြောင်းနဲ့ ရော်နယ်လ်ဒိုဟာလည်း ထိလွယ်ရှလွယ်တဲ့ လူမျိုးလို့ ပြောဆိုသွားခဲ့ပါတယ်။
ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ ကက်စထရိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လမှာပဲ အယ်လ်နာဆာအသင်းနည်းပြအဖြစ် စတင် တာဝန်ယူခဲ့ပြီး အသင်းကိုလည်း အာရပ်ကလပ် ချန်ပီယံရှစ်ဖလား ရယူပေးနိုင်ခဲ့သလို ဆော်ဒီပရိုလိဂ် အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့်(၂)နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။
Photo Credit : talkSPORT
ဒါပေမယ့် အနီးဆုံးပြိုင်ဘက် အယ်လ်ဟီလာနဲ့ အမှတ်ပြတ်လွန်းနေတာတွေ လက်ရှိရာသီအစပိုင်းမှာ ရလဒ်မတည်ငြိမ်တာတွေကြောင့် ကက်စထရိုနဲ့ လက်တွဲဖြုတ်ခဲ့ပြီး သူ့နေရာမှာ အေစီမီလန် နည်းပြဟောင်း ပီအိုလီနဲ့ ပြန်လည် အစားထိုးခဲ့ပါတယ်။ ရော်နယ်လ်ဒိုက ကက်စထရိုလက်အောက်မှာ ကစားခဲ့စဉ်တုန်းက တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ဂိုး(၅၀)အထိတောင် သွင်းယူနိုင်ခဲ့ပါသေးတယ်။
တစ်နိုင်ငံတည်းသားတွေ ဖြစ်နေတာကြောင့်လည်း ရော်နယ်လ်ဒိုနဲ့ ကက်စထရိုတို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ရပြီး အခု ကက်စထရိုက အယ်လ်နာဆာကနေ ထွက်ခွာရချိန်မှာလည်း သူနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုအပေါ် ချီးမွှမ်း ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
Photo Credit : Goal
“တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အရမ်းလေးစားတဲ့ လူနှစ်ယောက်ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပြီး ကျွန်တော် သူနဲ့ လက်တွဲပြီး အလုပ်လုပ်ရတာ တကယ်ကို နှစ်သက်ပါတယ်။ သူက လေးစားမှု ပြတက်သောသူ ဆက်ဆက်ထိမခံ ထိလွယ်ရှလွယ်သောသူ စိတ်ပိုင်းဖြတ်နိုင်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။”
“လေးစားမှု ရဲရင့်မှုနဲ့ ကတိကဝတ်ထားရှိမှုတွေရဲ့ တန်ဖိုးတွေက အမြဲတမ်း သူနဲ့အတူ ယှဉ်တွဲနေတဲ့ အရာတွေပါ။” လို့ ကက်စထရိုက သူ့ကစားသမားဟောင်း ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ မကြာသေးခင်ကမှ အသက်(၄၀)ပြည့်ထားတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအတွက် ၂၀၂၄-၂၅ ဘောလုံးရာသီ လက်ကျန်ရာသီဝက်ကို ဆက်လက် ဖြတ်သန်းလျက် ရှိနေပါတယ်။