အီတလီ စီးရီးအေရဲ့ ဂန္တဝင် တိုက်စစ်မှူးတွေထဲက တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကတ်ဆာနိုကတော့ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ ချယ်ဆီးက နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြရာထူး ကနေ ထုတ်ပယ်လိုက်ရင် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်နိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစကမှ အသင်းရဲ့ နည်းပြဟောင်း တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ အင်္ဂလန်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာကို ကာလရှည် စာချုပ်တရပ်နဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာပါ။

Photo Credit: Mirror

ဂရေဟမ် ပေါ်တာက ဘရိုက်တန်ကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်မှာ ဘရိုက်တန်ကို အသင်းငယ်အဆင့် ကနေ ဖျက်မြင်းအသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးနိုင်ခဲ့ပေမယ့် ချယ်ဆီးဆီ ရောက်ရှိချိန်မှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ချယ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၇ပွဲမှာ ၃ပွဲသာ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်ဆီးဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလာကြပြီး ယခုတပတ်မှာ ကစားရမယ့် ချယ်ဆီးနဲ့ လိဒ် ၊ လာမယ့် ကြားရက်မှာ ကစားရမယ့် ချယ်ဆီးနဲ့ ဒေါ့မွန် ပွဲစဉ်တွေမှာ အနိုင်ရလဒ်တွေ မရခဲ့ရင် ချယ်ဆီးဘုတ်အဖွဲ့က ပေါ်တာကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Photo Credit: Mirror

ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကတ်ဆာနိုကတော့ အကယ်၍ ချယ်ဆီးကသာ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် ရိုးမားရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ချယ်ဆီး ဂန္တဝင် နည်းပြဟောင်း မော်ရင်ဟိုဟာ ချယ်ဆီးဆီ ပြန်လာလိမ့်မယ်လို့ ယူဆနေပါတယ်။

မော်ရင်ဟို တယောက် ချယ်ဆီးဆီ ပြန်လာနိုင်ကြောင်းကို ကတ်ဆာနိုက – “တကယ်လို့ အင်တာမီလန်က အင်ဇာဂီကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင်တောင် မော်ရင်ဟိုဟာ အင်တာမီလန်ဆီ ပြောင်းမယ်လို့တော့ မထင်ပါဘူး။ အင်္ဂလန်ကနေ ကမ်းလှမ်းမှု တခုခု ရောက်လာရင် စပါယ်ရှယ်ဝမ်းက (မော်ရင်ဟို) အင်္ဂလန်ဆီ ပြောင်းဖို့ပဲ စဉ်းစားပါလိမ့်မယ်။ အီတလီ ပရိသတ်တွေက မော်ရင်ဟိုကို ချစ်ကြပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက ရိုးမားကနေ ပြောင်းချင်နေပါပြီ။ ကျွန်တော်ကတော့ အင်္ဂလန်မှာ မော်ရင်ဟို ရောက်နိုင်တဲ့ အသင်းကို ရွေးရမယ် ဆိုရင် ချယ်ဆီးကိုပဲ ရွေးပေးချင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။