အီတလီ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကတ်ဆာနိုကတော့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီး အတွက် ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူပေးထားတဲ့ အာလင်း ဟာလန်းဟာ မန်ချက်စတာ စီးတီးရဲ့ အကောင်းဆုံး တိုက်စစ်မှူး မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေ လက်ရွေးစင် ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် နွေဈေးကွက် အတွင်းမှာမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာသူ တဦး ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးထံ ရောက်ရှိတာ မကြာသေးပေမယ့် အသင်းနဲ့ ချက်ချင်းဆိုသလို အသားကျခဲ့ကာ အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ဝင်ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူထားနိုင်သူပါ။

Photo Credit: Sport Bible

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက အာလင်း ဟာလန်းဟာ ဒီဘရိုင်း ပြီးရင် မန်ချက်စတာ စီးတီးရဲ့ အကောင်းဆုံး ကစားသမားပဲလို့ ချီးကျူးနေကြပြီး ကတ်ဆာနိုကတော့ အဆိုပါ ထင်မြင် ယူဆချက်တွေကို သဘောမတူပဲ သူဟာ အာလင်း ဟာလန်းထက် သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး အယ်ဗာရက်ကို ပိုသဘောကျသလို အယ်ဗာရက်က ဟာလန်းထက် ပိုကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အသက် ၂၂နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အယ်ဗာရက်ဇ်က ဟာလန်းလိုပဲ မန်ချက်စတာ စီးတီးထံ ယခုနှစ် ဘောလုံးရာသီမှ ရောက်ရှိလာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သူပါ။

Photo Credit: Sport Bible

အယ်ဗာရက်ဇ်က ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ဟာလန်းကို ကျော်ပြီး မန်ချက်စတာ စီးတီးရဲ့ ပွဲထွက် တိုက်စစ်မှူး တဦး ဖြစ်ဖို့ မလွယ်ကူပဲ ကတ်ဆာနိုကတော့ အယ်ဗာရက်ဇ်ဟာ ဟာလန်းထက် အရည်အသွေးပိုင်းမှာ ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ချပြသွားခဲ့ပါတယ်။

ကတ်ဆာနိုက – “ကျွန်တော့်အတွက် အယ်ဗာရက်ဇ်က ဟာလန်းထက် ပိုကောင်းတဲ့ တိုက်စစ်မှူးပါ။ ဟာလန်းက တရာသီကို ဂိုး ၉၀လောက် အထိ သွင်းယူနိုင်သလို အရမ်းကို ကြံ့ခိုင်တဲ့ တိုက်စစ်မှူးပါ။ သူက လူကာကူထက်တောင် ကြံ့ခိုင်မှု ပိုမြင့်ပါသေးတယ်။ ဒါပေမယ့် အယ်ဗာရက်ဇ်က ဟာလန်းထက် ပိုကောင်းတဲ့ ကစားသမားမျိုးပါ။ သူက ဟာလန်းထက် အရည်အချင်းပိုင်းမှာ ပိုမို ထက်မြက်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပါတယ်။ ဟာလန်းက ထူးခြားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ဟာလန်းကို ကြည့်နေရင်းနဲ့ အင်တာမီလန်ရဲ့ အက်ဒီယာနိုကို ပြန်မြင်နေရသလို ခံစားရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။