ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အဝါကတ် ၁ကတ် ထပ်ထိခဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုး အပါအဝင် အဓိက ကစားသမား အများအပြားကို ထုတ်သုံးခဲ့သလို ကစားပုံအရလည်း အိမ်ရှင် ပဲလေ့စ်ကို အသာစီး ရခဲ့ပါတယ်။

Photo Credit: Stretty News

ပွဲရဲ့ အဖွင့်ဂိုးကိုလည်း ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်က ပွဲချိန် ၄၃မိနစ်မှာ အဲရစ်ဆင်ရဲ့ ပေးပို့မှုကနေ သွင်းယူပေးခဲ့ပြီး ဦးဆောင်ဂိုး ရရှိပြီးနောက် မန်ချက်စတာ ယူနိုက်တက်က သွင်းဂိုးတွေ ထပ်မံ ရရှိဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေရဲ့ ဂိုးသွင်းခွင့် ဖြုန်းတီးမှုတွေကြောင့် သွင်းဂိုးတွေ ထပ်မရခဲ့ပါဘူး။

အဲ့ဒီနောက် ပွဲချိန် ၈၀မိနစ်မှာတော့ အရင်ပွဲတွေမှာ အဝါကတ် ၄ကတ် ထိထားတာကြောင့် အဝါကတ် မထိအောင် သတိထားပြီး ကစားနေတဲ့ ကတ်စ်မဲရိုးက ဇာဟာကို ပြစ်ဒဏ်ဘော ကျူးလွန်မိခဲ့တာကြောင့် အဝါကတ်ပြား ပြသခံခဲ့ရကာ အဝါကတ် ၅ကတ် ပြည့်သွားတာကြောင့် ကတ်စ်မဲရိုးဟာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Stretty News

ကတ်စ်မဲရိုးက အဝါကတ် ထိသွားခဲ့သလို ပွဲချိန် ၉၀+၁မိနစ်မှာ ပဲလေ့စ် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ရဲ့ ချေပဂိုးကိုပါ ခွင့်ပြုလိုက်ရတာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်ဟာ မိအေး နှစ်ခါ နာခဲ့ရတဲ့ ပွဲပါ။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လာမယ့် တနင်္ဂနွေနေ့ ည ၁၁နာရီအချိန်မှာ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ပရီးမီးယားလိဂ် ချန်ပီယံအိမ်မက်ကို မက်နိုင်မှာ ဖြစ်တာကြောင့် အဆိုပါပွဲဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။