မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုးက အသင်းဟာ အောင်မြင်မှုအတွက် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီဖြစ်ကြောင်း ယုံကြည်ချက်ရှိရှိ ပြောကြားလိုက်ပြီး အိုးထရက်ဖို့ဒ်မှာ သူ့ကစားသမားဘဝအပေါ် ပျော်ရွှင်ကျေနပ်နေကြောင်း ထပ်လောင်းပြောဆိုလိုက်ပါတယ်။
အောင်မြင်မှုများစွာ ရရှိထားတဲ့ ဘရာဇီးလ်ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့အတူ ကွင်းလယ်အင်ဂျင်ခန်းကို တာဝန်ယူခဲ့ပေမယ့် အသင်းကိုတော့ ကံမကောင်းစွာနဲ့ (0-1) နဲ့ ရှုံးနိမ့်ခဲ့ရခြင်းကနေ မကယ်တင်နိုင်ခဲ့ပါဘူး။
Photo Credit : Manchester United
နည်းပြ ရူဘင် အမိုရင်ကိုယ်တိုင်က အရည်အသွေးနဲ့ အရည်အချင်းတွေကို ချီးကျူးထားတဲ့ အသက် (၃၃)နှစ်အရွယ် ကစားသမားဟာ နွေရာသီတစ်လျှောက်လုံး ထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့သတင်းတွေကို လျစ်လျူရှုခဲ့ပြီး ယူနိုက်တက်အသင်းကို ထိပ်ဆုံးနေရာပြန်ရောက်အောင် ကူညီပေးဖို့ကိုသာ အပြည့်အဝ အာရုံစိုက်ထားပါတယ်။
တနင်္ဂနွေနေ့က ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ သူက အကောင်းမြင်စိတ်နဲ့ တုံ့ပြန်ခဲ့ပါတယ်။ “မန်ချက်စတာ ယူနိုက်တက်ဆိုတာ အမြဲတမ်း အနိုင်ရဖို့ကိုပဲ စဉ်းစားရမှာပါ။ ရှုံးနိမ့်တာက ကိစ္စမရှိဘူးလို့ ကျွန်တော်ပြောမှာမဟုတ်ဘူး၊ ကျွန်တော်တို့ အနိုင်ရရမယ်။ မန်ချက်စတာ ယူနိုက်တက်က အမြဲတမ်း နိုင်ရမယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ခြေစွမ်းကောင်းတဲ့ အခိုက်အတန့်တွေ ပြသနိုင်ခဲ့တယ်။ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အနိုင်ရလဒ်ကိုတော့ ကျွန်တော်တို့ ရှာဖွေရဦးမယ်။ အခု ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါပြီ။” လို့ ဆိုလိုက်ပါတယ်။
Photo Credit : The Guardian
ယူနိုက်တက်မှာ ဘာတွေလိုအပ်နေလဲဆိုတဲ့ အမေးကိုတော့ သူက “ဒါက ပြောရခက်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်အမြင် ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ ယူရိုပါလိဂ်လို ဖိုင်နယ်ပွဲတွေ တက်ရောက်နိုင်ခဲ့ပါတယ်။ လိုနေတာက အဲ့ဒီဖလားတွေကို ကိုင်မြှောက်နိုင်ဖို့ပါပဲ။ ဒီလိုဖလားတွေကို အနိုင်ရတဲ့ကလပ်က နည်းပါတယ်။ ကျွန်တော်တို့ ဒီလိုဖလားတွေရဖို့ ဆက်လက်ကြိုးစားပြီး တိုးတက်အောင် လုပ်ဆောင်သွားရပါမယ်” လို့ ဖြေကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ဆက်ကစားနေခြင်းဖြင့် ဝေဖန်သူတွေကို မှားကြောင်းသက်သေပြဖို့ ကြိုးစားနေတာလားဆိုတဲ့ မေးခွန်းကိုတော့ ဘရာဇီးလ်လက်ရွေးစင်ကစားသမားက သူဟာ အသင်းမှာ ပျော်ရွှင်နေပြီး အပြင်ကပြောဆိုမှုတွေကို အချိန်ပေးမနေဘူးလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်။ ကျွန်တော့်မိသားစုလည်း ပျော်ရွှင်နေတယ်။ ကာရင်တန်မှာရော အိုးထရက်ဖို့ဒ်မှာပါ နေ့ရက်တိုင်းကို ပျော်မွေ့နေပါတယ်။ အပြင်ကလူတွေက ပြောချင်တာပြောပါစေ. ဒါတွေက ကျွန်တော့်အတွက် စိတ်ဝင်စားစရာ မဟုတ်ပါဘူး။ ကျွန်တော်က အနိုင်ရဖို့ကိုပဲ အာရုံစိုက်ချင်ပါတယ်။” လို့ သူက စိတ်အားထက်သန်စွာ ပြောဆိုခဲ့ပါတယ်။