မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ကက်စ်မဲရိုးက ၂၀၂၄-၂၅ ဘောလုံးရာသီဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အအောင်မြင်ဆုံး ရာသီတွေထဲက တစ်ခုဖြစ်တယ်လို့ အံ့အားသင့်ဖွယ်ရာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
စပိန်မှာ ရီးရဲလ် မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၅)ကြိမ် အပါအဝင် မယုံနိုင်လောက်အောင် ဆုဖလားများစွာ ဆွတ်ခူးခဲ့တဲ့ ကတ်စမဲရိုးက ၂၀၂၄-၂၅ ရာသီကို သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးနှစ်တွေထဲက တစ်နှစ်အဖြစ် အံ့အားသင့်စဂာ သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းက ကက်စ်မဲရိုးဟာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပြီး အသင်းကနေ ထွက်ခွာရတော့မလို ဖြစ်ခဲ့ပေမယ့် အခြေအနေတွေကို ပြောင်းလဲနိုင်ခဲ့ပြီး အခုအခါမှာတော့ နည်းပြအမော်ရင်ရဲ့ ပွဲထွက်လူစာရင်းမှာ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
Photo Credit : Goal
ဒီဝါရင့် ကွင်းလယ်ကစားသမားဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ပွဲပေါင်း(၄၀) ပါဝင်ကစားခဲ့ပြီး ယူနိုက်တက်အသင်း ယူရိုပါလိဂ် ဖိုင်နယ်လ်ကို တက်လှမ်းနိုင်အောင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးခဲ့ပါတယ်။ ဒီရာသီမှာ ထူးထူးခြားခြား ပြန်လည်ကောင်းမွန်လာပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖို့ မကြာသေးခင်က အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။
ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကတ်စမဲရိုးက “ဒီရာသီက ကျွန်တော့်ကိုယ်ကျွန်တော် အဂုဏ်ယူဆုံးလို့ ခံစားရတဲ့ ရာသီတွေထဲက တစ်ခုလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြက မင်းကို အားမကိုးတော့တဲ့ အခြေအနေမျိုး ဒါပေမဲ့ ကိုယ်က ဆက်ပြီး ကြိုးစားတယ်၊ ကောင်းအောင် လုပ်ဆောင်တယ် ဆိုတဲ့ အခြေအနေမျိုးကို မကြုံရတာ အတော်ကြာခဲ့ပြီလေ။”
Photo Credit : ESPN
“သေချာတာကတော့ ဆုဖလားတွေတော့ ရချင်တာပေါ့ဗျာ။ ဒါပေမဲ့ သံသယဖြစ်စရာမရှိဘဲ ကျွန်တော့်ကစားသမားဘဝရဲ့ အအောင်မြင်ဆုံးရာသီတွေထဲက တစ်ခုက ဒီရာသီပါပဲ။ ကြိုးစားမှုနဲ့ စိတ်နှစ်မြှုပ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ခဲ့လို့ပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဒီရာသီရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၆)နေရာထိတောင် ရောက်ရှိနေရတဲ့အထိ ဆိုးရွားလှတဲ့ ရာသီတစ်ခုမှာ ယူနိုက်တက်အသင်းဟာ ဒီနေ့ညပွဲစဉ်မှာ စပါးအသင်းကို အနိုင်ရလိုက်မယ်ဆိုရင်တော့ ဆုဖလားတစ်လုံးနဲ့ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တို့ပါ ရရှိမှာဖြစ်ပြီး ဆိုးရွှားလွန်းတဲ့ အခုရာသီကို သေချာလေး အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။