ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးရဲ့ အေးဂျင့်တွေက လာမယ့် နွေဈေးကွက် အတွင်းမှာ သူတို့ရဲ့ ကစားသမားကို ဆော်ဒီမြေဆီ ပို့ဆောင်ပေးဖို့ အတွက် ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်က သူ့ကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Marca

ကတ်စ်မဲရိုးက သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံးရာသီမှာ ဘရူနို ဖာနန်ဒက်စ် ၊ အဲရစ်ဆင် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းပေးနိုင်ခဲ့သလို ကာရာဘောင်း ဆုဖလားနဲ့ အက်ဖ်အေဖလား ငွေတံဆိပ်ဆုတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ကတ်စ်မဲရိုးက ပထမရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ တွဲဖက် ကစားသမား အပြောင်းအလဲများမှုနဲ့ အသင်းမှာ ဒဏ်ရာရ ကစားသမား များပြားနေမှုတို့ကြောင့် ကတ်စ်မဲရိုးဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း ကတ်စ်မဲရိုးရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှု အပိုင်းကို သံသယ စဝင်နေကြပါပြီ။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ပင်တိုင်သတင်းထောက် ဂျေဆန် ဘက်တ်ရဲ့ အဆိုအရ ကတ်စ်မဲရိုးရဲ့ အေးဂျင့်တွေဟာ သူတို့ရဲ့ ကစားသမားကို လာမယ့်နွေမှာ ဆော်ဒီလိဂ်ဆီ ပို့ဆောင်ပေးနိုင်ဖို့ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုးကို ရောင်းထုတ်ဖို့ စဉ်းစားထားပေမယ့် အကယ်၍ ကတ်စ်မဲရိုးဟာ သူတို့အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိမယ် ဆိုရင်လည်း ကတ်စ်မဲရိုးကို အသင်းမှာ ဆက်ထားသွားမယ်လို့ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း အထိ ပေးကာ ဝယ်ယူထားရတဲ့ ကတ်စ်မဲရိုး အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း လိုချင်နေပြီး လက်ရှိမှာတော့ ကတ်စ်မဲရိုးရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒို ရှိနေတဲ့ အယ် နက်ဆာက ကတ်စ်မဲရိုးရဲ့ အသင်းသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။