ယခုနှစ် ဘောလုံးရာသီ အစမှာ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ကြယ်ပွင့် ကတ်စ်မဲရိုးက သူဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးရတဲ့ အခိုက်အတန့်တိုင်းမှာ ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက နွေဈေးကွက် ပိတ်သိမ်းခါနီးမှာ ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်လို အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်တဲ့ အသင်းကနေ မန်ချက်စတာ ယူနိုက်တက်လို ရုန်းကန်နေရတဲ့ အသင်းဆီ ပြောင်းလာတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက ကတ်စ်မဲရိုးဟာ လုပ်ခလစာ မြိုးမြိုးမြက်မြက် ရချင်လို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြီး အဆိုပါ ဝေဖန်မှုတွေကို ကတ်စ်မဲရိုးက ကွင်းထဲမှာ ခြေစွမ်းကောင်းတွေ ပြသရင်း ချေဖျက်ပြခဲ့ပါတယ်။

ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ကတ်စ်မဲရိုးလို ကွင်းလယ်ခံစစ် ကစားသမား တဦး အတွက် သွင်းဂိုး ၄ဂိုး ၊ ဂိုးဖန်တီးမှု ၅ကြိမ် ဆိုတဲ့ စွမ်းဆောင်ရည်က အတော်လေး အထင်ကြီးစရာ ကောင်းပြီး ကတ်စ်မဲရိုးကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ အရမ်းကို ပျော်ရွှင်နေသလို ယူနိုက်တက်နဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကတ်စ်မဲရိုးက – “ခင်ဗျားက အသင်းသစ် တသင်းဆီ ရောက်လာရင် အဲ့ဒီအသင်းမှာ သမိုင်းမှတ်တိုင်တွေ စိုက်ထူချင်တဲ့ စိတ်ကူးအိမ်မက် ရှိတတ်ပါတယ်။ အထူးသဖြင့် ခင်ဗျားက အသင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို သိထားတဲ့ အချိန်တွေမှာပေါ့။ ကျွန်တော်တို့က အသင်းရဲ့ သမိုင်းကြောင်းကို သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရေရှည် စီမံကိန်းတွေ ရှိပြီးသား ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့လို အသင်းတွေကို လိုက်မှီဖို့ အချိန်လိုသေးတယ် ဆိုတာကို နားလည်ထားပြီးသားပါ။ အဲ့ဒီအသင်းတွေရဲ့ နည်းပြတွေက အချိန်အတော်ကြာအောင် သူတို့ရဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့တာကြောင့် သူတို့က ကျွန်တော်တို့ထက် ဆုဖလားတွေ ရယူဖို့ အခွင့်အလမ်း ပိုများတာကို လက်ခံရပါမယ်။ ကျွန်တော်က အသင်းသစ်မှာ ခပ်မြန်မြန်ပဲ အသားကျခဲ့လို့ ပျော်ရွှင်မိသလို ဒီမှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေကလည်း ကျွန်တော့်ကို ကူညီကြပါတယ်။ သူတို့က ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာအောင်လည်း ကူညီပေးကြပါတယ်။ အင်္ဂလိပ်စကား ပြောဖို့ အနည်းငယ် ခက်နေပေမယ့် ကျွန်တော်က စကားပိုပြောတတ်လာအောင် ကြိုးစားနေပါတယ်။ ဒီမှာ ရှိတဲ့ လူတိုင်းက ကျွန်တော် အသင်းဆီ စရောက်လာတဲ့ အချိန်ကတည်းက ကျွန်တော့်ကို ချစ်ပေးခဲ့ကြပါတယ်။ ဒါကြောင့် အသင်းမှာ ရှိတဲ့ လူတိုင်းကို ကျေးဇူးတင်သလို ကျွန်တော့်ကို ဒီအသင်းဆီ ရောက်လာအောင် ခေါ်ပေးခဲ့တဲ့ ဂျွန် မားသော့စ်ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်မှာ အရမ်းကို သက်တောင့်သက်သာ ဖြစ်နေသလို ၁၅နှစ်သားလေးလို အခိုက်အတန့်တိုင်းမှာ ပျော်ရွှင်နေမိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။