ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက သူဟာ အမြဲတမ်း ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ဖို့သာ စဉ်းစားထားတာမို့လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရပ်တည်မှု မကောင်းတာကြောင့် အိပ်မပျော်တဲ့ ညတွေတောင် ရှိနေကြောင်း နောက်ဆုံ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။

Photo Credit: Team Talk

ကတ်စ်မဲရိုးက ၂ရာသီ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၇၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားကာ ကာရာဘောင်းဆုဖလား တလုံးကိုလည်း ဆွတ်ခူး ရယူထားနိုင်ပါတယ်။

ကတ်စ်မဲရိုးရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး ဘောလုံးရာသီက အဖွင့်လှခဲ့ပေမယ့် ဒီရာသီမှာတော့ ကတ်စ်မဲရိုးဟာ ဒဏ်ရာပြဿနာတွေကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် ရဖို့တောင် မလွယ်ကူတဲ့ အနေအထားကို ရောက်နေပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်ဖို့ နေနေသာသာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့တောင် မဖြစ်နိုင်တော့တဲ့ အနေအထားဆီ ရောက်နေတာကြောင့် ကတ်စ်မဲရိုးက သူ့အသင်းရဲ့ အခြေအနေ အတွက် အားမလို အားမရ ဖြစ်နေပြီး သူက အသင်းကို ဘယ်လိုဆွဲတင်ရမလဲ ဆိုတာ စဉ်းစားရင်းနဲ့ အိမ်မပျော်တဲ့ ညတွေတောင် ရှိကြောင်း ဆိုလာပါတယ်။

ကတ်စ်မဲရိုးက – “အဆင့်(၁)နဲ့ အမှတ် ၂၀ကျော် ကွာနေတာကြောင့် တခါတလေမှာ ကျွန်တော်က ညဘက်တွေတောင် အိပ်လို့ မပျော်ပါဘူး။ ကျွန်တော်က အသင်းအတွက် ဘယ်လိုမျိုး မတူညီတဲ့ အရာတွေ လုပ်ပေးရမလဲ ဆိုတာ စဉ်းစားရင်း အိပ်ရေးပျက်ရတဲ့ ညတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် စဉ်းစားလို့ မရတဲ့ အနေအထားဆီ ရောက်နေပါပြီ။ ကျွန်တော်တို့က တပွဲချင်းစီကိုပဲ အာရုံစိုက်သွားရတော့မှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။