နာမည်ကြီး ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကတ်စ်ကာရီနို ကတော့ ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကြံရွယ်နေတဲ့ ချယ်လ်ဆီးဟာ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲနဲ့အတူ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရှိရင်းစွဲ ကစားသမား အများအပြားကို ရောင်းထုတ်ကာ အသင်းကို သွေးသစ်လောင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး သူတို့ရဲ့ စီမံကိန်းထဲမှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမားတွေကို ခေါ်ယူမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

Photo Credit: Mirror

လက်ရှိအချိန်မှာ ချယ်လ်ဆီးက ပူလီဆစ် ၊ ဇီရက်ဇ်တို့လို တောင်ပံတိုက်စစ် ကစားသမားတွေ အပြင် တီမိုဗာနာ ၊ ဟားဗက်ဇ် စတဲ့ တောင်ပံတိုက်စစ် နေရာမှာ ထွက်ကစားနိုင်တဲ့ ကစားသမားတွေကိုပါ ပိုင်ဆိုင်ထားပေမယ့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ပူလီဆစ်နဲ့ ဇီရက်ဇ်တို့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းပိုင်းကို သဘောမကျတာကြောင့် သူတို့နှစ်ဦးစလုံးကို ရောင်းထုတ်ကာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား နှစ်ဦးကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ပင်တိုင် အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကတ်စ်ကာရီနိုကလည်း တူဟယ်လ်ရဲ့ ပူလီဆစ်ကို ရောင်းထုတ်မယ့် အစီအစဉ်ကို ထောက်ခံခဲ့သလို တူဟယ်လ်ဟာ ပူလီဆစ်အား ရောင်းပြီး မန်ချက်စတာ စီးတီးရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းကို ပြန်ခေါ်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Mirror

ကတ်စ်ကာရီနိုက – “ကျွန်တော်က ပူလီဆစ်ဟာ ချယ်လ်ဆီးမှာ ထိပ်တန်း ကစားသမား တယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အခုချိန်ထိလည်း သူက ထိပ်တန်း ကစားသမား တဦး ဖြစ်နိုင်တယ်လို့ ယုံကြည်နေသေးပေမယ့် သူ့ရဲ့ ဒဏ်ရာပြဿနာတွေဟာ အတော်လေးကို ဆိုးရွားပါတယ်။ တဖက်မှာတော့ စတာလင်းက အတော်လေးကို ကြံ့ခိုင်မှု ကောင်းမွန်တဲ့ ကစားသမားပါ။ သူက ဒဏ်ရာမရအောင် ရှောင်ကစားနိုင်သလို ပင်ကိုယ် ကြံ့ခိုင်မှုလည်း ကောင်းပါတယ်။ သူက လုံးဝကို မာကျောတဲ့ သစ်သားတချောင်းလိုပါပဲ။ ပြီးတော့ သူက နေရာစုံမှာလည်း ကစားနိုင်တဲ့သူပါ။ ဒါကြောင့် တူဟယ်လ်ကသာ တောင်ပံတိုက်စစ် ကစားသမားသစ် တယောက် လိုချင်ရင် စတာလင်းကို ခေါ်ယူသင့်ပါတယ်။ စတာလင်းရဲ့ အချက်အလက်တွေ ၊ သွင်းဂိုးတွေ ၊ အခွင့်အရေး ဖန်တီးမှုတွေ အရာအားလုံးက အထင်ကြီးစရာ ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းက မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၂နှစ်ကျော် ကျန်သေးပေမယ့် အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကစားသမားတွေထဲ ပါဝင်နေပြီး မန်ချက်စတာ စီးတီးကတော့ စတာလင်း အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းကျော် လိုချင်နေပါတယ်။