လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ညာနောက်ခံလူ ကာဗာဂျယ်က ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေဟာ သူတို့အသင်းဆီ ပြောင်းလာဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။

Photo Credit: Goal

ကိုင်လီယန် အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ရဲ့ လက်ရှိစာချုပ်ထဲမှာ အပို ၁နှစ် သက်တမ်းတိုးခွင့် ပါနေသေးပေမယ့် နှစ်ဖက်စလုံးက စာချုပ်သစ် မချုပ်တော့ဖို့ သဘောတူညီမှု ရယူထားတာကြောင့် အမ်ဘာပေဟာ လာမယ့် နွေဈေးကွက်မှာ သူ နှစ်သက်တဲ့ အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်ဖို့ ရှိနေပါတယ်။

လတ်တလောမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် ၊ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူး စတဲ့ ကလပ်တွေက အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ အိမ်မက်ကလပ် ရီးရဲလ်မက်ဒရစ် တသင်းထဲနဲ့သာ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားထဲက ဆွေးနွေးမှုတွေဟာ အတော်လေးကို အဆင်ပြေ ချောမွေ့နေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ညာနောက်ခံလူ ကာဗာဂျယ်ကလည်း အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ ရောက်လာဖို့ နီးစပ်နေကြောင်း ဆိုလာပါတယ်။

ကာဗာဂျယ်က – “အသင်းက ကျွန်တော်တို့ကို အမ်ဘာပေရဲ့ အပြောင်းအရွှေ့ အတွက် ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် အမ်ဘာပေက လာမယ့် နွေဈေးကွက်မှာ ကျွန်တော်တို့အသင်းဆီ ပြောင်းလာနိုင်ချေ ရှိနေပါပြီ။ အဲ့ဒီသတင်းကို အတည်ပြုပေးနိုင်ပါတယ်။ တကယ်လို့ သူသာ ကျွန်တော်တို့အသင်းဆီ ပြောင်းလာရင် ဒါက ကျွန်တော်တို့ အတွက် အတော်လေး ကောင်းပါလိမ့်မယ်။ သူက ထိပ်တန်း ကစားသမားပါ။ သူ့ရဲ့ အပြောင်းအရွှေ့က ရီးရဲလ်မက်ဒရစ် အတွက်ရော ၊ လာလီဂါ အတွက်ပါ အတော်လေး ကြီးမားတဲ့ သတင်းပါ” လို့ ပြောကြားသွားခဲ့တာပါ။