ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၁-၀ လီဗာပူး ပွဲစဉ်အပြီးမှာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးအနေနဲ့ ညာနောက်ခံလူ အာနိုးလ်နဲ့ နေရာယှဉ်လုနိုင်မယ့် ညာနောက်ခံလူသစ် တဦးကို ဝယ်ယူသင့်ပြီလို့ အကြံပေးသွားခဲ့ပါတယ်။

ကာရေဂါရဲ့ အသင်းဟောင်း လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း အတော်လေး ယိမ်းယိုင်နေပြီး ကာရာဘောင်း ၊ အက်ဖ်အေနဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေ အားလုံးကို လက်လွှတ်ထားရသလို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲမှာလည်း ရီးရဲလ်မက်ဒရစ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပြန်ပါတယ်။

Photo Credit: Express

ရီးရဲလ်မက်ဒရစ် ၁-၀ လီဗာပူး ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပေမယ့် အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ဧည့်သည် လီဗာပူးကို ပွဲစပွဲဆုံး ကစားကွက် အသာစီးနဲ့ ဖိအားပေး ကစားသွားနိုင်ခဲ့သလို အဓိက တိုက်စစ်မှူး ဘန်ဇီမာရဲ့ တလုံးထဲသော အနိုင်ဂိုးကြောင့် နိုင်ပွဲ ရရှိခဲ့ပါတယ်။

အဆိုပါပွဲမှာ လီဗာပူးရဲ့ ကစားသမား အများစုက ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ကြပြီး ညာနောက်ခံလူ အာနိုးလ်ကတော့ ခြေစွမ်းပိုင်း အဆိုးရွားဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရကာ အာနိုးလ်ဟာ ပြိုင်ဘက် ကစားသမားတွေရဲ့ ဖြတ်ကျော်မှုကို ၆ကြိမ် အထိ ခံခဲ့ရပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ကာရေဂါက သူ့ရဲ့ အသင်းဟောင်းဟာ အာနိုးလ်နဲ့ နေရာယှဉ်လုမယ့် ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းနဲ့ အာနိုးလ်ရဲ့ ခြေစွမ်းပိုင်းက အတော်လေးကို ကျဆင်းလာတာကြောင့် လီဗာပူးဟာ အာနိုးလ်ကို အားကိုးလို့ မရတော့ကြောင်း ပြောကြားလာပါတယ်။

ကာရေဂါက – “အာနိုးလ် တယောက် ခြေစွမ်းကျဆင်းနေတာက လီဗာပူးအတွက်ရော ၊ သူ့အတွက်ပါ အရမ်း အရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။ ဒါမျိုးတွေ ဆက်ဖြစ်နေလို့ မရတော့ပါဘူး။ ဒီရာသီမှာ အာနိုးလ်ရဲ့ ခြေစွမ်းပိုင်းက အတော်လေး ကျဆင်းနေသလို သူ့ရဲ့ ခံစစ်ကစားပုံ အားနည်းချက်ကလည်း ပိုပို ပေါ်လွင်လာပါတယ်။ လီဗာပူးရဲ့ အဓိက ပြဿနာက သူတို့ဟာ အာနိုးလ်နဲ့ နေရာယှဉ်လုနိုင်တဲ့ ညာနောက်ခံလူ တဦးကို မခေါ်ခဲ့တာပါပဲ။ ဒါကလည်း အာနိုးလ်ရဲ့ ခြေစွမ်းက အရမ်းကို ကောင်းခဲ့တာကြောင့်ပါ။ အာနိုးလ် တယောက် ခြေစွမ်းကောင်းနေချိန်မှာ သူနဲ့ နေရာယှဉ်လုဖို့ အတွက် ဘယ်သူ့ကို ခေါ်ရမလဲ ဆိုတာဟာ စဉ်းစားရ ကျပ်စေတဲ့ မေးခွန်းတခုပဲ ဖြစ်ပါတယ်။ တကယ်လို့ လီဗာပူးက အာနိုးလ်လောက် ကောင်းတဲ့ ညာနောက်ခံလူကို ခေါ်နိုင်ခဲ့ရင်လည်း အဲ့ဒီ ကစားသမား အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက နည်းမှာ မဟုတ်ပါဘူး။ ဒီအချက်တွေကြောင့် လီဗာပူးက ညာနောက်ခံနေရာ အတွက် ကစားသမားသစ် ထပ်မခေါ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ လီဗာပူးက ညာနောက်ခံလူသစ် တဦး လိုအပ်ပါပြီ။ ညာနောက်ခံလူသစ် အဖြစ် ဘယ်သူ့ကို ခေါ်မလဲ ဆိုတာက ကလော့ပ်ရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်နေပါလိမ့်မယ်” လို့ လီဗာပူးကို အကြံပေး တိုက်တွန်းသွားခဲ့တာပါ။