မနေ့ညက အန်ဖီးလ်မှာ ယှဉ်ပြိုင်သွားခဲ့တဲ့ လီဗာပူးလ်အသင်း နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ်ဘက်ကို ပင်နယ်တီ (၂)ကြိမ်တောင် သတ်မှတ်ပေးခဲ့ပြီး ဒုတိယမြောက် ပင်နယ်တီကတော့ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ရပါတယ်။

ဒဏ်ရာကနေ သက်သာလာပြီးနောက် ဘန်လေနဲ့ ပွဲစဉ်မှာပဲ လီဗာပူးလ်အတွက် ပြန်လည် ကစားပေးလာနိုင်တဲ့ ဂျိုတာက မနေ့ညက နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ဂိုးသမား ဒူဗရက်ကာကို ဖြတ်ကျော်သွားပြီးမှ ဒူဗရက်ကာ လက်နဲ့ထိလို့ ဧရိယာထဲ လဲကျခဲ့ရာကနေ ပင်နယ်တီ ကန်ခွင့်ပါ ရရှိသွားခဲ့ပါတယ်။

Photo Credit : CBS Sports

ဒီပင်နယ်တီကို မိုဆာလာက အမှားအယွင်းမရှိ ကန်သွင်းယူရင်း လီဗာပူးလ်အသင်းအတွက် စတုတ္ထမြောက်ဂိုး ပွဲသိမ်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပင်နယ်တီနဲ့ ပတ်သက်ပြီး ပွဲကြည့် ပရိသတ်တွေကြားမှာ ပြောစမှတ် ဖြစ်သွားခဲ့ရပြီး ဂျိုတာကလည်း ဘောလုံးကို ဆွဲပြေးလို့ရရဲ့သားနဲ့ တမင်သပ်သပ် လှဲချခဲ့တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နယူးကာဆယ်ရဲ့ ဂန္တဝင် ကစားသမားကြီး အလန်ရှီးယားက “အတော်လေး အရှက်မရှိဘူး” လို့ မှတ်ချက်ပြုထားခဲ့သလို လီဗာပူးလ် ကစားသမားဟောင်းကြီး ကာရေဂါ ကိုယ်တိုင်ကလည်း “သူ လဲကျသွားစရာ မလိုပါဘူး။ ဘောလုံးကိုသာ ဆက်ပြီး ဆွဲပြေးသွားရမှာ။ မဆိုသလောက်လေး ထိချက် ရှိခဲ့တယ် ဆိုပေမယ့်လည်း”

Photo Credit : Evening Standard

“ဒါက သူ့ကို လဲကျသွားလောက်စရာ မရှိပါဘူး။ သူက အလွယ်တကူလေးကို လဲကျသွားခဲ့တာ။ ဒူဗရက်ကာနဲ့ ထိတောင် ထိသွားခဲ့ရဲ့လား ဆိုတာတောင် မသေချာပါဘူး။ ကျွန်တော်ကတော့ ပင်နယ်တီ ပေးရလောက်တဲ့အထိ မထိသွားခဲ့ဘူးလို့ပဲ ထင်မိပါတယ်။”

“နည်းနည်းလောက်လေးပဲ ထိတာမျိုး ဖြစ်နိုင်ပေမယ့် ရှေ့မှာ ဂိုးအလွတ်ကြီး ရှိနေမှ ကစားသမားက လဲကျသွားတယ် ဆိုတာကိုတော့ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ပါဘူး။” လို့ သူရဲ့ ထင်မြင်ချက်တွေကို ပြောဆိုသွားခဲ့ပါတယ်။