ဘောလုံးပွဲရေးရာ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ် နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို GOAT ကြီး နှစ်ဦး ဘယ်သူက ပိုအကောင်းဆုံးလဲဆိုတဲ့ ငြင်းခုံမှုမှာ သူရဲ့ ထင်မြင်ချက်တွေကို ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့မှာ ပြုလုပ်ခဲ့တဲ့ CBS Sports Golazo ရုပ်သံ အစီအစဉ်မှာ ကာရေဂါက ပါဝင်ခဲ့ပြီး ဘောလုံးလောကအတွင်း အခုချိန်ထိ အငြင်းအခုံ ဖြစ်နေစေတဲ့ မက်ဆီ နဲ့ ရော်နယ်လ်ဒို ဘယ်သူက အကောင်းဆုံး ကစားသမားလဲဆိုတဲ့ မေးခွန်းကိုပါ ဝင်ဖြေသွားခဲ့ပါတယ်။

Photo Credit : The Mirror

ကာရေဂါက မက်ဆီ နဲ့ ရော်နယ်လ်ဒိုကို ယှဉ်ပြီး ဘယ်ကစားသမားက ပိုကောင်းလဲဆိုတာ ငြင်းခုံနေစရာကို မလိုကြောင်းနဲ့ မက်ဆီကသာ ဘောလုံးလောကရဲ့ GOAT တစ်ဦး ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

“ဒီ ကစားသမားနှစ်ဦး ဘယ်သူ ပိုကောင်းလဲဆိုတာကို ငြင်းခုံနေရတာမျိုး ဆွေးနွေးနေစရာ မလိုတာပါ။ ရော်နယ်လ်ဒိုဟာလည်း ဘယ်လိုမှ မက်ဆီနဲ့ ယှဉ်ရလောက်အောင် ကောင်းမနေပါဘူး။ ရော်နယ်လ်ဒိုဆိုတာက ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား။ မက်ဆီဆိုတာကတော့ ဘောလုံးလောကရဲ့ အခမ်းနားဆုံးသော ကစားသမား။ GOAT တစ်ဦး။” လို့ ကာရေဂါက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Tribuna

ဒါ့အပြင် ကာရေဂါက ရော်နယ်လ်ဒိုအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့တဲ့ အချိန်မှာ ရော်နယ်လ်ဒိုအတွက် ကစားသမားဘဝရဲ့ အတောက်ပဆုံး အချိန်ပဲလို့ ပြောဆိုခဲ့ပေမယ့် အဲ့ဒီအချိန်မှာတောင် မက်ဆီနဲ့ နှိုင်းယှဉ်ရလောက်အောင် ကောင်းမနေဘူး မက်ဆီ level လောက်တောင် ရှိမနေဘူးလို့ ပြောဆိုခဲ့ပြန်ပါတယ်။

ဒါပေမယ့် ကာရေဂါ အခုလို ရွေးချယ်ထားတဲ့ မက်ဆီကိုလည်း ကာရေဂါကိုယ်တိုင် ဝေဖန်မှုတွေ လုပ်ဆောင်ထားခဲ့ဖူးသလို မက်ဆီကလည်း ကာရေဂါကို ငကြောင်လို့ပါ ပြန်လည် တုံ့ပြန်ထားခဲ့ဖူးပါတယ်။