ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ခံစစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ မီခေး အာတီတာရဲ့ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားကြောင်း ချီးကျူးသွားခဲ့ပါတယ်။

စပိန်နည်းပြ မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ဂျာမန်နည်းပြ ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးတို့က ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပပ် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးနဲ့ အပြိုင် လုနေကြတဲ့ အသင်းတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အာဆင်နယ်နဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Goal

အာဆင်နယ်နဲ့ လီဗာပူးတို့က ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် နှစ်သင်းစလုံးက လူစုံထုတ်ကာ အနိုင်ရလဒ် ရရှိရေး အတွက် ဦးတည် ကစားခဲ့ကြပေမယ့် အဆိုပါပွဲမှာ လီဗာပူးက အိမ်ရှင် အာဆင်နယ်ဘက်ကို လုံလောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်ခဲ့ပဲ အာဆင်နယ်ကတော့ လီဗာပူးရဲ့ ခံစစ်အမှားတွေကို အခွင့်ကောင်း ယူပြီး အနိုင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။

အာဆင်နယ် ၃-၁ လီဗာပူး ပွဲအပြီးမှာ ကာရေဂါ အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူ အများစုက လီဗာပူးကို ဂိုးသွင်းခွင့်တွေတောင် ပြန်မပေးပဲ ဂိုးပြတ်နိုင်ပွဲ ရအောင် ကစားသွားခဲ့တဲ့ အာဆင်နယ်ကို ချီးကျူးမှုတွေ လုပ်ခဲ့ကြပြီး ကာရေဂါကတော့ အာဆင်နယ်ရဲ့ ခံစစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်ပဲလို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Sky Sports

ကာရေဂါက – “အာဆင်နယ်က လီဗာပူးထက် အစစ အရာရာမှာ ပိုသာခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ခံစစ်က အတော်လေးကို ကောင်းခဲ့တာပါ။ ကျွန်တော်က တပွဲလုံးမှာ လီဗာပူးက ဂိုးသွင်းနိုင်မယ် ဆိုတဲ့ ခံစားချက်မျိုးကို မရခဲ့ပါဘူး။ လီဗာပူး ရခဲ့တဲ့ ဂိုးကလည်း ကံကောင်းလို့ ရတဲ့ ဂိုးမျိုး ဆိုတာ ကျွန်တော်တို့တွေ အားလုံး သိကြပါတယ်။ အာဆင်နယ်က လီဗာပူးကို နိုင်လိုက်တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံမျှော်မှန်းချက်က ပိုပြီး အားကောင်းသွားပါပြီ။ အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ချေကလည်း နည်းနည်းလေး ပိုမြင့်လာပါတယ်။ အာဆင်နယ်က သူတို့ရဲ့ ကောင်းလွန်းတဲ့ ခံစစ်ကစားပုံကြောင့် ချန်ပီယံဆုကို ရနိုင်တယ်လို့ ခံစားနေရပါတယ်။ သူတို့က ပေးဂိုးနည်းနေလို့ ဒီလိုစကားမျိုး ပြောတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကစားပုံနဲ့ ကျစ်လျစ်မှုကလည်း အရမ်းကို ကောင်းပါတယ်” လို့ ပြောကာ အာဆင်နယ်ရဲ့ ခံစစ်ကြောင်းကို ချီးကျူးသွားခဲ့တာပါ။

အာဆင်နယ်က လီဗာပူးနဲ့အတူ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ပေးဂိုးအနည်းဆုံးအသင်း အဖြစ် ရပ်တည်နေပြီး အာဆင်နယ်နဲ့ လီဗာပူးတို့က ဒီရာသီမှာ ပရီးမီးယားလိဂ်ပေးဂိုး ၂၂ဂိုးစီသာ ရှိကြပါတယ်။