ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရူဘင် အမော်ရင်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ လမ်းခွဲလိုက်တာက နည်းပြအတွက်ရော ကလပ်အတွက်ပါ ပိုကောင်းနိုင်တယ်လို့ ဂျေမီ ကာရေဂါက သုံးသပ်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အဲရစ် တန်ဟက်နေရာကို အစားထိုး ဝင်ရောက်လာခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ အမော်ရင်ဟာ အသင်းကို ဆွဲတင်နိုင်ခဲ့ခြင်း မရှိဘဲ ရာသီနောက်ဆုံးပွဲမတိုင်ခင် အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နေရာမှာ ရပ်တည်နေရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က စပါးကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေကနေလည်း လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ လာမယ့် အပြောင်းအရွှေ့ကာလအတွက် ငွေကြေးအရ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
Photo Credit : Goal
အမော်ရင်ဟာ သူ့အသင်းရဲ့ ရုန်းကန်နေရမှုတွေကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ပေါ်တူဂီနည်းပြ ကိုယ်တိုင်ကလည်း ဒီလိုဆိုးရွားတဲ့ ရာသီအပြီးမှာ အသင်းကနေ ထုတ်ပယ်ခံရရင် လက်ခံမယ်လို့ ဝန်ခံပြောဆိုထားပါတယ်။ လီဗာပူးလ်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါကတော့ ယူနိုက်တက်ကို အမော်ရင် ပြန်လည်ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်းဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ အများကြီးမူတည်နေတယ်လို့ ပြောဆိုခဲ့ပြီး နှစ်ဦးနှစ်ဖက် မကြာမီ လမ်းခွဲသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
“ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ပေါင်သန်း(၁၀၀)လောက် ရနိုင်တဲ့ ငွေကြေးတွေ ဆုံးရှုံးပြီးတဲ့နောက် ယူနိုက်တက်ဟာ အမော်ရင်ရဲ့ ထူးခြားတဲ့ ပြန်လည်နိုးထမှုကို ဦးဆောင်နိုင်မလားဆိုတာ ကလပ်ရဲ့ ရေတိုရော ရေရှည် အခြေအနေတွေအတွက်ပါ လောင်းကြေးထပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပူးတွဲပိုင်ရှင် ဆာ ဂျင်မ် ရတ်ကလစ်ဖ်ဟာ ဘီလ်ဘာအိုမှာ ဖလားပေးပွဲမှာ စိတ်ရှုပ်ထွေးနေပုံရတာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါဟာ ယူနိုက်တက်က အမော်ရင်ကို နည်းပြခန့်ဖို့ ကြိုးပမ်းခဲ့ချိန်ကတည်းက စတင်ခဲ့တဲ့ လမ်းကြောင်းပါပဲ။”
Photo Credit : Goal
“သူ တာဝန်ယူခဲ့တဲ့ (၆)လအတွင်းမှာ အခြေအနေတွေ ဆိုးရွားခဲ့တာကြောင့် ရတ်ကလစ်ဖ်နဲ့ သူ့ရဲ့ INEOS အဖွဲ့သားတွေဟာ ယူနိုက်တက်ရဲ့ ခေတ်သစ်သမိုင်းမှာ အခက်ခဲဆုံး ကာလတွေကို ဘယ်လိုဖြတ်ကျော်မလဲဆိုတဲ့ ပြတ်သားတဲ့ အစီအစဉ်တစ်ခု လိုအပ်ပါလိမ့်မယ်။ အခုအချိန်အထိ သူ ဒီတာဝန်ကို ထမ်းဆောင်နိုင်တယ်လို့ ညွှန်ပြမယ့် အထောက်အထား ဘာတစ်ခုမှ မတွေ့ရသေးတာဟာ သူတို့အတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေရပါမယ်။ အဲ့ဒီအပေါ် အခြေခံပြီး ဒီနွေရာသီမှာ အမော်ရင်ကို ဆက်လက် ထောက်ခံတာဟာ ဂုဏ်သိက္ခာရှိတဲ့ ရွေးချယ်မှု ဖြစ်နိုင်ပေမယ့် အမှန်တကယ်တော့ ရဲရင့်တဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး”
“သူ (အမော်ရင်) လက်ဆွဲနှုတ်ဆက်ပြီး အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားတာဟာ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေစေမလား။ ဘောလုံးလောကမှာရှိတဲ့ လူတော်တော်များများကတော့ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ရလဒ်လို့ သတ်မှတ်ကြပါလိမ့်မယ်။” လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ အမော်ရင်ရဲ့ အသင်းဟာ ဒီရာသီကို တနင်္ဂနွေနေ့မှာ အက်စတွန် ဗီလာနဲ့ အိမ်ကွင်းပွဲစဉ် ကစားပြီး ရာသီပိတ်မှာဖြစ်ပြီး လာမယ့်ရာသီအတွက် အသင်းကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်နေပါတယ်။