Sky Sports ရဲ့ ဘောလုံးသုံးသပ်သူများဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ်နဲ့ ဂျေမီ ကာရေဂါတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဆင့်ရပ်တည်မှုနဲ့ ပတ်သက်ပြီး အပြင်းအထန် အငြင်းအခုံ ဖြစ်ပွားခဲ့ကြပါတယ်။ နဗီးလ်က ကာရေဂါရဲ့ ခန့်မှန်းချက်ကို မရိုးသားဘူးလို့ စွပ်စွဲခဲ့ပြီး အမှန်အတိုင်းဖြေဖို့ အကြိမ်ကြိမ် ဖိအားပေးခဲ့ရပါတယ်။
Sky Sports ရဲ့ ပရီးမီးယားလိဂ် သုံးသပ်ချက်အစီအစဉ်တစ်ခုမှာ နဗီးလ်က သူ့အသင်းဟောင်း ယူနိုက်တက်ဟာ ဒီရာသီမှာ အဆင့် (၄)နေရာကို ရယူနိုင်လိမ့်မယ်လို့ ရဲရဲဝံ့ဝံ့ ခန့်မှန်းခဲ့ပြီးနောက် ကာရေဂါကိုလည်း ယူနိုက်တက်ရဲ့ အဆင့်ရပ်တည်မှုအပေါ် သူ့အမြင်ကို မေးမြန်းခဲ့ပါတယ်။
Photo Credit : Football365
လီဗာပူးလ်ဂန္ထဝင် ကာရေဂါက ဥရောပဝင်ခွင့်အတွက် ပြိုင်ဆိုင်နိုင်တဲ့ အသင်းတစ်သင်းလို့တော့ မြင်တယ်” လို့ မတိမကျဖြေကြားခဲ့ရာမှာတော့ နဗီးလ်က တိကျတဲ့အဆင့်တစ်ခုကို မပြောဘဲ ရှောင်လွှဲနေတဲ့ ကာရေဂါကို “သတ္တိမရှိတဲ့သူ”လို့ ပြောဆိုတိုက်ခိုက်ခဲ့ပါတယ်။
ကာရေဂါက ယူနိုက်တက်ဟာ အဆင့် ၇ သို့မဟုတ် ၈ နေရာလောက်နဲ့ ရာသီသိမ်းလိမ့်မယ်လို့ ရှင်းလင်းစွာ ပြောလိုက်ချိန်မှာတော့ နဗီးလ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို လိမ်ညာပြောဆိုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ “ခင်ဗျားက သူတို့ကို အဆင့် ၈ မှာ ရှိမယ်လို့ ထင်နေတာလား။ ခင်ဗျား အဲ့ဒီလို တကယ်မထင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားကို သိတယ်။ ခင်ဗျားရဲ့ မျက်နှာအမူအရာကို ကျွန်တော် ကောင်းကောင်းဖတ်တတ်တယ်။ ယူနိုက်တက်က အဆင့် ၈ နဲ့ ရာသီသိမ်းမယ်ဆိုတာကို ခင်ဗျားကိုယ်တိုင်တောင် မယုံဘူး” လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
Photo Credit : Football365
ဒီအခါမှာ ကာရေဂါက “ကျွန်တော်ထင်တာက သူတို့အတွက် အကောင်းဆုံးက ယူရိုပါလိဂ်ပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တော့ အနားတောင် ကပ်နိုင်မှာမဟုတ်ဘူး။ အဆင့် ၆၊ ၇၊ အဲ့ဒီနေရာတွေအတွက်ပဲ ပြိုင်ဆိုင်မှုထဲမှာရှိမှာ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မတိကျတဲ့ ခန့်မှန်းချက်အစား တိကျတဲ့ နံပါတ်တစ်ခုကို ရဖို့အတွက် နဗီးလ်က “ခင်ဗျားရဲ့ ခန့်မှန်းချက်က ဘယ်အဆင့်လဲ? ဒီလိုကြီးပဲ ပြောလို့မရဘူးလေ…” လို့ ထပ်မံဖိအားပေးခဲ့ရာမှာတော့ ကာရေဂါက “အဆင့် ၇ ပေါ့။ အလယ်အလတ်ဖြစ်အောင် အဆင့် ၇ လို့ပဲ သတ်မှတ်လိုက်မယ်” လို့ နောက်ဆုံးမှာ ဝန်ခံဖြေကြားခဲ့ရပါတယ်။