ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄အတွင်း ဝင်ဖို့ မလွယ်ကူတော့ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေတာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အပြီးမှာ အဆင့်၈နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Metro

လီဗာပူးက ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)မှာ လိဒ်ယူနိုက်တက်ကို ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် အဆင့်၇နေရာမှာ ရှိနေတဲ့ ဘရိုက်တန်ထက် ရမှတ် ၂မှတ် လျော့နည်းနေသလို ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄နေရာမှာ ရှိနေတဲ့ နယူးကာဆယ်ထက် ရမှတ် ၉မှတ် လျော့နည်းနေပါတယ်။

လက်ကျန် ၈ပွဲ ကစားဖို့ ကျန်နေသေးချိန်မှာ လီဗာပူးက နယူးကာဆယ်နဲ့ ရမှတ် ၉မှတ်သာ ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မျှော်လင့်ချက်တွေ ကျန်နေသေးပေမယ့် ဘရိုက်တန် ၊ စပါး ၊ ဗီလာ ၊ နယူးကာဆယ် ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေကို ကျော်ဖြတ်ကာ အဆင့်၄ အတွင်း ဝင်နိုင်ဖို့ ခက်ခဲနေပါသေးတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ လီဗာပူးဂန္တဝင် ဖြစ်သူ ကာရေဂါက လီဗာပူးဟာ ခြေစွမ်းကောင်းတွေ ပြန်ရလာတာ မှန်ပေမယ့် အဆင့်၄ အတွင်း ဝင်ဖို့ ခက်ခဲနေဆဲ ဖြစ်သလို လီဗာပူးရဲ့ ခြေစွမ်းဟာ အတက် ၊ အကျ များလွန်းနေတာကြောင့် လီဗာပူးကို အပြည့်အဝ ယုံကြည်လို့ မရသေးဘူး ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

ကာရေဂါက – “တကယ်လို့သာ လီဗာပူးက ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်မျိုးကို ဆက်လက် ပြသနိုင်မယ် ဆိုရင် သူတို့အသင်းဟာ လက်ကျန်ပွဲစဉ်တွေထဲက အများစုကို အနိုင်ရနိုင်ချေ ရှိနေပါတယ်။ ဒါပေမယ့် ခင်ဗျားက အချက်အလက်တွေကို ပြန်ကြည့်လိုက်ရင် လီဗာပူးက လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တာဟာ ဒီရာသီမှာ သူတို့ထက် အဆင့်နိမ့်တဲ့ အသင်း တသင်းကို ပထမဦးဆုံး အကြိမ် အဝေးကွင်းမှာ နိုင်ခဲ့တာ ဖြစ်နေပါတယ်။ ပြဿနာက ကျွန်တော်တို့ဟာ လီဗာပူးကို လုံးဝ ယုံကြည်လို့ မရတာပါပဲ။ သူတို့က ဒီရာသီရဲ့ အဖွင့်ပွဲ ကနေ စပြီး အခုချိန်အထိ ယုံကြည်လို့ မရတဲ့ ခြေစွမ်းမျိုးတွေကိုပဲ ပြသခဲ့တာပါ။ ကျွန်တော်ကတော့ လက်ကျန် ၈ပွဲမှာ လီဗာပူးဟာ နောက်ထပ် ၂ပွဲ ၊ ၃ပွဲလောက် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့တွေ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ဆိုတာ မလွယ်ကူပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။