လာမယ့် ၂၀၂၄ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘာလွန်းဒေါဆုအတွက် ကစားသမား (၄)ယောက်က အပြိုင်လုသွားရမယ်လို့ Sky Sports ရုပ်သံရဲ့ နာမည်ကျော် Pundit လည်းဖြစ် လီဗာပူးလ် ကစားသမားဟောင်းကြီးလည်းဖြစ်တဲ့ ဂျင်မီ ကာရေဂါက ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

ကာရေဂါက ၂၀၂၄ခုနှစ် ဘာလွန်းဒေါဆုအတွက် ၂၀၂၃ ဘာလွန်းဒေါမှာ အဆင့် (၂) (၃) နေရာတွေ ရပ်တည်ခဲ့တဲ့ ဟာလန်း ဘာပေ Kopa Trophy ဆုရှင် ဘယ်လင်ဟမ် နဲ့ ဘိုင်ယန်မှာ ဂိုးတွေမြူးနေတဲ့ ဟယ်ရီကိန်းတို့ (၄)ဦး အပြိုင်လုရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Photo Credit : Clutch Points

ဒီကစားသမား (၄)ဦးထဲကမှ ဒီရာသီ ရီးယဲလ်မက်ဒရစ်မှာရော အင်္ဂလန်မှာပါ ခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်ကို ဘာလွန်းဒေါဆုရှင်အဖြစ် ကာရေဂါက ထိပ်ဆုံးနေရာမှာ ရွေးချယ်လို့ထားပြီး မိုက်ကယ်အိုဝင်နောက်ပိုင်း ဘယ်လင်ဟမ်က ဘာလွန်းဒေါဆုရှင် အင်္ဂလန်ကစားသမား ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဘာပေ ဟာလန်း ဘယ်လင်ဟမ် နဲ့ ဟယ်ရီကိန်းတို့က ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြေ အရှိဆုံး ကလပ်အသင်းတွေမှာ ပါဝင်နေရတာ ဖြစ်သလို ဘာပေ ဘယ်လင်ဟမ် နဲ့ ဟယ်ရီကိန်းတို့ကလည်း လာမယ့်နွေမှာ ယူရို-၂၀၂၄ပြိုင်ပွဲ ဆင်နွဲရမှာမို့ ဒီကစားသမားတွေအတွက် အခွင့်အရေး ပိုများနေတယ်လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။

Photo Credit : 90Min

မန်စီးတီးနဲ့ ဖလား (၃)လုံး ရယူခဲ့ပြီး ဂိုးတွေ စံချိန်တင်အောင် သွင်းယူနိုင်ခဲ့ပေမယ့် ဘာလွန်းဒေါဆုနဲ့ လွဲသွားခဲ့ရတဲ့ ဟာလန်းက နော်ဝေနဲ့ ယူရို-၂၀၂၄ကို ဆင်နွဲခွင့်မရတာက ဟာလန်းအတွက် ကံဆိုးနိုင်တယ်လို့လည်း ကာရေဂါက ထင်ကြေးပေးခဲ့ပါသေးတယ်။

ဘောလုံးသုံးသပ်သူ နဲ့ ဘောလုံးအသ်ိုင်းအဝိုင်းက လူတွေကတော့ ၂၀၂၃ ဘာလွန်းဒေါဆုပေးပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုရှင် ဖြစ်ခဲ့တဲ့ ဘယ်လင်ဟမ်က ၂၀၂၄ ဘာလွန်းဒေါဆုရှင် ဖြစ်လာနိုင်တယ်လို့ ဝိုင်းဝန်း ယူဆနေကြပါတယ်။