ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျေမီ ကာရေဂါကတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဆီ ယခုနှစ် နွေဈေးကွက် အတွင်းမှာမှ ရောက်ရှိလာတဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ မန်ချက်စတာ စီးတီးကို ပြည်တွင်းလိဂ်မှာ များစွာ ကူညီနိုင်ဖို့ မရှိပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ကူညီနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခု နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ပေါင် ၅၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ စီးတီးနဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Talksports

ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အင်အား အတောင့်တင်းဆုံးအသင်းလို့ ပြောရမယ့် မန်ချက်စတာ စီးတီးဆီ ရောက်ရှိသွားချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူတွေက ဟာလန်းနဲ့ မန်ချက်စတာ စီးတီးကို ပရီးမီးယားလိဂ်မှာ ရပ်တန့်နိုင်မယ့် အသင်း မရှိတော့ဘူးလို့ ပြောဆိုနေကြပါတယ်။

ဒါပေမယ့် ကာရောဂါကတော့ အဆိုပါ သုံးသပ်မှုတွေကို လက်မခံပဲ မန်ချက်စတာ စီးတီးက ဟာလန်းကို ရလိုက်ရုံနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့ လက်ရှိခြေစွမ်းထက် ပိုကောင်းလာဖို့ မရှိကြောင်းနဲ့ ဟာလန်းက မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေကို မြှင့်တင်ပေးနိုင်သူ ဖြစ်ကြောင်း သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Talksports

ကာရေဂါက – “ဟာလန်း ရောက်လာတာက မန်စီးတီးကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အလွယ်တကူ ဗိုလ်စွဲနိုင်အောင် ကူညီနိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ကျွန်တော်ကတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲပဲ ဆိုတာကို လက်ခံပေမယ့် ဟာလန်း တယောက်ထဲကြောင့်နဲ့ မန်စီးတီးရဲ့ ခြေစွမ်းတွေက ပိုကောင်းသွားမယ်လို့ မထင်ပါဘူး။ မန်စီးတီးက ဟာလန်း မရောက်လာရင်လည်း တနှစ်ကို ၉၅မှတ် ၊ အမှတ် ၁၀၀ အမြဲတမ်း ရနေကြ အသင်းပါ။ ဒါကြောင့် ဟာလန်းက ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ လီဗာပူးကို တဆင့်မြင့်သွားစေသလိုမျိုး မန်စီးတီးကို တဆင့် မြင့်သွားစေမယ့် ကစားသမားမျိုးလို့ မထင်ပါဘူး။ ဒါပေမယ့် ဟာလန်းလို ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ မန်စီးတီးရဲ့ တောင့်တင်းတဲ့ ကစားသမား အင်အားတို့ ပေါင်းစပ်လိုက်ရင် မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲနိုင်မယ့် အခွင့်အရေးက အရမ်းကို မြင့်သွားပါလိမ့်မယ်။ တကယ်လို့ ဟာလန်းလို ကစားသမားမျိုးသာ ပါမယ် ဆိုရင် မန်စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးမယ်လို့ မထင်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။