လီဗာပူးလ်ဂန္ထဝင်ကစားသမားကြီး ဂျေမီ ကာရေဂါက ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တော့ဒ် ဘိုလေရဲ့ လက်အောက်မှာ ဘာတိုးတက်မှုမှ မရှိသေးကြောင်း ဝေဖန်လိုက်ပြီး သူတို့ရရှိခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကို “Mickey Mouse ဖလား” (အရေးမပါတဲ့ဖလား)လို့ သုံးနှုန်းလိုက်တာကြောင့် ချယ်လ်ဆီးပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

မနေ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်ရာသီအကြာမှာ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီကြားကာလအတွင်း ပြောင်းရွှေ့ကြေး ပေါင် (၁.၅)ဘီလီယံအထိ သုံးစွဲခဲ့ပါတယ်။ CBS Sport ရဲ့ သုံးသပ်ချက်အစီအစဉ်မှာ ကာရေဂါက ဘိုလေ မရောက်ခင်က ချယ်လ်ဆီးဟာ သောမတ်စ် တူဟယ်လ်ရဲ့ လက်အောက်မှာ ချန်ပီယံလိဂ်အနိုင်ရထားပြီး ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။

Photo Credit : Tribuna

“သူတို့က ချန်ပီယံလိဂ်အနိုင်ရထားတဲ့ နည်းပြကို ပြောင်းလဲခဲ့တယ်။ ဆုဖလားတွေအတွက် စိန်ခေါ်နိုင်လုနီးပါးဖြစ်နေတဲ့ အသင်းတစ်သင်းကို ယူပြီး ပေါင် (၂)ဘီလီယံ သုံးစွဲခဲ့တယ်။ ဒါပေမဲ့ အခု သူတို့က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ အရင်ကထက်တောင် ပိုပြီး အလှမ်းဝေးသွားခဲ့ပါတယ်။” လို့ ကာရေဂါက ဆိုပါတယ်။

ဒါပေမဲ့ ဝေဖန်သုံးသပ်သူတစ်ဦးဖြစ်သူ မီကာ ရစ်ချက်စ်ကတော့ ကာရေဂါရဲ့ အမြင်ကို သဘောမတူခဲ့ပါဘူး။ “ဒါပေမဲ့ တိုးတက်မှုတော့ ရှိခဲ့တယ်လေ။ ပထမရာသီမှာ အဆင့် (၁၂) နောက်တော့ အဆင့် (၆) ပြီးတော့ အဆင့် (၄)ရခဲ့တယ်။ ကလပ်ကမ္ဘာ့ဖလားလည်း နိုင်ခဲ့တယ်။ ဒါက တိုးတက်မှုပဲ။ သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်း ပီအက်စ်ဂျီကို အနိုင်ယူခဲ့တာနော်” လို့ ရစ်ချက်စ်က တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သူက ချယ်လ်ဆီးရဲ့ အသက်ငယ်ရွယ်တဲ့ ကစားသမားလးတွေကို ဝယ်ယူပြီး တန်ဖိုးတက်လာချိန်မှာ ပြန်ရောင်းချတဲ့ “အလွန်ပါးနပ်တဲ့” စီးပွားရေးပုံစံကိုလည်း ချီးကျူးခဲ့ပါတယ်။

Photo Credit : World Soccer Talk

ဒီနောက်မှာတော့ သူတို့နှစ်ဦးကြားက အပြန်အလှန်အငြင်းအခုံက အခုလို အရှိန်မြင့်တက်လာခဲ့ပါတယ်။ကာရေဂါ: “ချယ်လ်ဆီးက ကစားသမားတွေ ရောင်းဝယ်ဖောက်ကားဖို့ ဒီမှာရှိနေတာလား။ ဒါမှမဟုတ် ဆုဖလားတွေနိုင်ဖို့လား?” ရစ်ချက်စ်: “ဒါပေမဲ့ သူတို့ ပြီးခဲ့တဲ့နှစ်က ဆုဖလား(၂)လုံး ရယူနိုင်ခဲ့တယ်လေ။” ကာရေဂါ: “Mickey Mouse ဖလားကြီးကို။” ရစ်ချက်စ်: “ကလပ်ကမ္ဘာ့ဖလားကိုလား? သူတို့ ဥရောပချန်ပီယံ PSG ကို အနိုင်ယူခဲ့တာနော်။” ကာရေဂါ: “ခင်ဗျားကိုယ်တိုင်ပဲ သူတို့လူစာရင်းက ပရီးမီးယားလိဂ်က တခြားအသင်းတွေလောက် မကောင်းဘူးလို့ ခုနကပြောခဲ့တယ်လေ။ ပေါင် (၂)ဘီလီယံသုံးပြီးတဲ့နောက်မှာ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?”

ဒီအငြင်းအခုံကတော့ တော့ဒ် ဘိုလေရဲ့ ချယ်လ်ဆီးအပေါ်မှာ ဘောလုံးပရိသတ်တွေကြားက သဘောထားကွဲလွဲမှုတွေကို ရှင်းရှင်းလင်းလင်း ထင်ဟပ်စေခဲ့ပါတယ်။ တချို့က တိုးတက်မှုလမ်းကြောင်းပေါ်က ရေရှည်စီမံကိန်းလို့ မြင်နေချိန်မှာ တချို့ကတော့ ငွေသုံးကြမ်းပေမယ့် ရလဒ်မထွက်တဲ့ စီမံကိန်းလို့ ဝေဖန်နေကြဆဲ ဖြစ်ပါတယ်။