ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂျေမီ ကာရေဂါကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၃-၁ ချယ်လ်ဆီး ပွဲစဉ်မှာ အမှားလုပ်မိခဲ့တဲ့ ချယ်လ်ဆီးကစားသမားသစ် ကိုင်စီဒိုကို အပျင်းထူသူလို့ ခေါင်းစဉ်တပ်ကာ ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက မကြာသေးမီကမှ ဘရိုက်တန် ကနေ ချယ်လ်ဆီးထံ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ ၂၀၃၁ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Sports Bible

ယမန်နေ့မှာတော့ ကိုင်စီဒိုရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ ကိုင်စီဒိုက လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီး ပွဲစဉ်မှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက နိုင်ပွဲရရှိရေး အတွက် အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ မာမာထန်ထန် ကစားပုံကြောင့် ချယ်လ်ဆီးတို့ ကစားကွက် တည်ဖို့ အခက်အခဲ ရှိခဲ့ပြီး တည်ကန်ဘောနဲ့ အဝေးဘောတွေကို အားပြု ကစားသွားခဲ့တဲ့ အိမ်ရှင် ဝက်စ်ဟမ်းကပဲ ချယ်လ်ဆီးကို အကြိမ်ကြိမ် ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဝက်စ်ဟမ်းက ပွဲချိန် ၇မိနစ်မှာပဲ နောက်ခံလူ အာဂတ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၂၈မိနစ်မှာ သွင်းယူခဲ့တဲ့ ချူဟွေမီကာရဲ့ သွင်းဂိုးကြောင့် ချယ်လ်ဆီးက ပွဲထဲကို ပြန်လာနိုင်ခဲ့ပေမယ့် ပွဲချိန် ၅၃မိနစ်မှာ အန်တိုနီက ဝက်စ်ဟမ်း အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့သလို ပွဲချိန် ၉၀+၅မိနစ်မှာလည်း ကိုင်စီဒိုရဲ့ မသေသပ်တဲ့ ဖျက်ထုတ်မှုကနေ ရလာတဲ့ ပင်နယ်တီကို ပါကွေတာက အကောင်းဆုံး အဆုံးသတ်ကာ ဝက်စ်ဟမ်းအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။

ဝက်စ်ဟမ်း ၃-၁ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ပင်နယ်တီ လွဲခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပင်နယ်တီ ပေးခဲ့ရတဲ့ ကွင်းလယ်လူ ကိုင်စီဒိုတို့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ကာရေဂါကတော့ ချယ်လ်ဆီး ကွင်းလယ်လူသစ် ကိုင်စီဒိုကို အပျင်းထူသူလို့ နာမည်ပေးသွားခဲ့ပါတယ်။ ကာရေဂါက – “ကိုင်စီဒိုဟာ ကွင်းထဲကို စဝင်လာကတည်းက အိမ်မက်ဆိုး မက်နေတဲ့ လူတယောက်လို ဖြစ်နေခဲ့တာပါ။ သူက ကစားပုံ ဆိုးရွားပြီး အပျင်းထူနေတာကြောင့် ပင်နယ်တီ ပေးခဲ့ရတာလို့ ပြောချင်ပါတယ်။ အီမာဆန်က ကိုင်စီဒိုထက် အရင် ဘောလုံးကို ထိမိမယ် ဆိုတာ သိနေခဲ့တာပါ။ ကျွန်တော်တို့တွေလည်း အီမာဆန်က ဘောလုံးကို အရင်ဆုံး ထိမယ့်လူ ဆိုတာ ကြိုသိခဲ့ကြပါတယ်။ ကိုင်စီဒိုက လူစားဝင်လာကတည်းက ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပါဘူး” လို့ ကိုင်စီဒိုကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။