လီဗာပူးလ်နောက်ခံလူဟောင်းနဲ့ ဘောလုံး သုံးသပ်သူ ဂျေမီ ကာရေဂါက မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်ဟာ ကြောက်စရာကောင်းလောက်အောင် ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်နေရပေမယ့် ရုပ်ရည်ချောမောသူ တစ်ယောက်ဖြစ်နေတာကြောင့် အလုပ်ထုတ်မခံရသေးဘဲ ရှိနေတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပေါ်တူဂီနည်းပြ အာမိုရင်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ နည်းပြတာဝန်ကို စတင်ရယူခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခြင်းမရှိဘဲ စုစုပေါင်း ပွဲ (၄၆)ပွဲကိုင်တွယ်ခဲ့ရာမှာ (၁၇)ပွဲသာ အနိုင်ရရှိခဲ့ပြီး (၁၇)ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ အာမိုရင်ရဲ့ လက်ထက်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့သလို ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း ဂရင်းမ်စဘီတောင်းလို အသင်းငယ်လေးကိုတောင် အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဆာ ဂျင် ရတ်ကလစ်ဖ်နဲ့ INEOS အုပ်စုဟာ နည်းပြကို အခုအချိန်ထိ အလုပ်ထုတ်ဖို့ မဆုံးဖြတ်သေးပေမယ့် အာမိုရင်အနေနဲ့ ဒီရာထူးမှာ ဆက်ရှိနေတာဟာ ကံကောင်းလွန်းတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ Sky Bet ရဲ့ The Overlap Fan Debate အစီအစဉ်မှာ ကာရေဂါက “လူတွေက ဂျိုဆေး မော်ရင်ဟိုကို အင်္ဂလိပ်ဘောလုံးလောကထဲ ပြန်ခေါ်ချင်နေကြတယ်။ ဘာလို့လဲဆိုတော့ သူက ပရိသတ်ကို ဆွဲဆောင်နိုင်ပြီး အောင်မြင်မှုတွေ ယူပေးနိုင်ခဲ့တဲ့သူမို့လို့ပဲ။ ဘရိုင်ယန် ကလော့ဖ်လိုပဲပေါ့။ သူတို့က အောင်နိုင်သူတွေဖြစ်လို့ သူတို့စကားပြောရင် လူတွေက နားထောင်ကြတယ်”

“ရူဘင် အာမိုရင်ရဲ့ ပြဿနာက သူက သတင်းစာရှင်းလင်းပွဲတွေမှာ စကားပြောကောင်းတယ်။ ဒါပေမဲ့ အနိုင်မရတဲ့အခါမှာတော့ လူတွေက ‘တော်တော့၊ ပါးစပ်ပိတ်ထားစမ်း’ ဆိုပြီး ဖြစ်လာကြတယ်။ တကယ်လို့ သူသာ အနိုင်ရနေမယ်ဆိုရင် သူ့ကို စတိုင်လ်ကျတဲ့၊ အရည်အချင်းရှိတဲ့ နည်းပြတစ်ယောက်လို့ လူတိုင်းက ထင်ကြမှာပဲ။ တကယ်လို့သာ သူက သတင်းစာရှင်းလင်းပွဲတွေမှာ ဆွဲဆောင်မှုမရှိဘူး၊ ပြီးတော့ ရုပ်ရည်ချောမောတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် သူ့အလုပ်က ဒီထက်စောပြီး ပြုတ်သွားနိုင်တယ်။ သူ့ရဲ့ ရလဒ်တွေကို ကြည့်လိုက်ပါ၊ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ဆိုးရွားပါတယ်။” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Photo Credit : Sky Sports

ကာရေဂါက အာမိုရင်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းနည်းပြတွေထဲမှာ မပါဝင်သေးဘူးလို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ “သူ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ‘ဒီကစားကွက်ကို ကစားသမားတွေ မျက်စိမှိတ်ကစားနိုင်တဲ့အထိ အသားကျသွားအောင် လုပ်မယ်’ လို့ ပြောခဲ့တယ်။ ကျွန်တော်ထင်တယ်၊ သူသာ ရလဒ်ကောင်းတွေ အမြန်ဆုံး မယူနိုင်ဘူးဆိုရင် အဲဒီလိုလုပ်ဖို့ အချိန်ရတော့မှာ မဟုတ်ဘူး။ သူက နည်းပြငယ်တစ်ယောက်ပါ။ စပို့တင်းလစ္စဘွန်းမှာ သူလုပ်ပြခဲ့တာတွေကိုတော့ ကျွန်တော်တို့ မျက်ကွယ်မပြုသင့်ပါဘူး။ ဘင်ဖီကာနဲ့ ပေါ်တိုတို့လိုအသင်းကြီးတွေရှိနေတဲ့ ပေါ်တူဂီလိဂ်မှာ စပို့တင်းနဲ့အတူ ချန်ပီယံ (၂)ကြိမ်ဖြစ်ခဲ့တာက တကယ်ကို ကြီးကျယ်တဲ့ အောင်မြင်မှုပါ”

“အူနိုင်း အမ်မရီနဲ့ အက်ဒီ ဟောင်းတို့ကို ကြည့်ပါ။ သူတို့က ချန်ပီယံဆုအတွက် စိန်ခေါ်နေတဲ့ နည်းပြတွေ မဟုတ်ပေမယ့် အရမ်းကောင်းတဲ့ နည်းပြတွေပါ။ ချန်ပီယံဆုကိုတောင် မမျှော်မှန်းနိုင်တဲ့ သူ့ထက်အတွေ့အကြုံပိုရှိတဲ့ နည်းပြကောင်းတွေ ပရီးမီးယားလိဂ်မှာ အများကြီးရှိနေချိန်မှာ ဒီလူ (အာမိုရင်) က မန်ချက်စတာ ယူနိုက်တက်ကို ထိပ်ဆုံးပြန်ပို့ပေးနိုင်မယ့် အဖြေတွေအားလုံးကို ပိုင်ဆိုင်ထားတယ်လို့ ထင်နေတာကတော့ မှားသွားနိုင်ပါတယ်။ အခြေအနေကို ပြန်လုပ်ဖို့ သူ့အတွက် အရမ်းခက်ခဲပါလိမ့်မယ်။” လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။