ဘောလုံး Pundit တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ် ကစားသမားဟောင်းလည်းဖြစ်တဲ့ ဂျင်မီ ကာရေဂါက သူ့အသင်းဟောင်း လီဗာပူးလ်က ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားအတွက် ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။
လီဗာပူးလ်အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာတွင် ရပ်တည်လျက် ရှိနေပြီး ထိပ်ဆုံးနေရာက စပါး အာဆင်နယ်အသင်းတို့နဲ့လည်း (၃)မှတ်သာ ကွာဟလျက် ရှိနေပေမယ့်လည်း ကာရေဂါကတော့ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ဖလား ရရှိနိုင်ဖို့ဆိုတာ ခက်ခဲတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Photo Credit : Reuters
“လီဗာပူးလ်အသင်းက ဒီနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ထပ်မံ ဆွတ်ခူးနိုင်ဦးမလားဆိုရင် အဲ့ဒါက သူတို့အတွက် ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးလ်အနေနဲ့ နောက်ထပ် ကစားသမား ဖြည့်တင်းမှု (၂)ခုလောက်ကို လုပ်ဆောင်လိုက်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် ဆုဖလားအတွက် တစ်ခုခု လုပ်ဆောင်ပြနိုင်မယ်လို့ ထင်ပါတယ်။”
“လီဗာပူးလ်အသင်းမှာ ကွင်းလယ်ပိုင်းအတွက် ထိပ်တန်း ကစားသမားတစ်ဦးလောက်နဲ့ နောက်ထပ် ခံစစ် ကစားသမားတစ်ဦးလောက် အလိုရှိနေသေးတယ်လို့ ကျွန်တော် ထင်မိတယ်။ ဒီလို လိုအပ်ချက်တွေကို လာမယ့် ဆောင်းဈေးကွက်မှာပဲ ဖြည့်တင်းမလား ဒါမှမဟုတ် နောက်ရာသီမှပဲ ဖြည့်တင်းမလားတော့ မသိပါဘူး။”
Photo Credit : This is Anfield
“ကျွန်တော်ထင်တာကတော့ လီဗာပူးလ်က လာမယ့်နှစ် ဘောလုံးရာသီမှာဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပိုပြီး အဆင့်သင့် ဖြစ်နေလောက်ပါလိမ့်မယ်။” လို့ ကာရေဂါက သူ့အသင်းဟောင်း အခြေအနေတွေအပေါ် သုံးသပ် ပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ကွင်းလယ်ပိုင်း အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဆောင်ထားရပြီး အသင်းတိုက်စစ်ကလည်း ထက်မြက်လျက် ရှိနေပေမယ့်လည်း ခံစစ်ကတော့ အားနည်းချက်တွေ ရှိနေသေးသလို ပွဲတိုင်းနီးပါးမှာပါ ပေးဂိုးတွေ ဆက်တိုက်ပေးထားခဲ့ရပါတယ်။