ကဲ ဒီနေ့ညမှာတော့ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံးပြိုင်ပွဲ တခု ဖြစ်တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။ ဒီနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ် ၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ် စတဲ့ ပွဲစဉ်တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။ စလိုက်ရအောင်ဗျာ…။

Photo Credit: The Analyst

ဝက်စ်ဟမ်းနဲ့ အာဆင်နယ် (ကြာသပတေး မနက် ၂နာရီ)

ဝက်စ်ဟမ်းက နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၄ပွဲဆက် နိုင်ပွဲ ပျောက်နေသလို ၃ပွဲဆက် ရှုံးနိမ့်ထားတာပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းကို အများကြီး မျှော်လင့်ထားလို့ မရပါဘူး။ တဖက်မှာတော့ အာဆင်နယ်က ဒီရာသီမှာ ရှုံးပွဲ ၁ပွဲထဲသာ ရှိသေးသလို နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ဆီဗီးလား ၊ မန်ချက်စတာ စီးတီး စတဲ့ ထိပ်သီးအသင်းတွေကို အနိုင် ကစားထားနိုင်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာက ဒီရာသီမှာ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်နေတာကြောင့် ဒီနေ့ပွဲမှာ ဧည့်သည်အသင်းကပဲ အနိုင်ရလဒ်ကို ရရှိသွားမယ်လို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်

 

Photo Credit: The Analyst

ဘုန်းမောက်နဲ့ လီဗာပူး (ကြာသပတေး မနက် ၂နာရီ ၁၅မိနစ်)

ဘုန်းမောက်က နောက်ဆုံး ကစားထားတဲ့ ၅ပွဲမှာ ၃ပွဲ အထိ ရှုံးနိမ့်ထားတဲ့ အသင်းပါ။ ဒီရာသီမှာ ဘုန်းမောက်ရဲ့ ရလဒ်တွေက အတော်လေး ဆိုးဝါးနေပေမယ့် သူတို့ရဲ့ အိမ်ကွင်းခြေစွမ်းက လက်ခံလို့ ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဘုန်းမောက်က ဒီရာသီမှာ အိမ်ကွင်းပွဲ ၇ပွဲ ကစားထားရာ ၂ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ၂ပွဲဟာ စပါးနဲ့ အာဆင်နယ်တို့လို အသင်းကြီးတွေကို ရှုံးနိမ့်ထားတာပါ။ ဒါကြောင့် သူတို့ရဲ့ အိမ်ကွင်းခြေစွမ်းကို လျှော့တွက်လို့ မရပါဘူး။ ဒါပေမယ့် ဒီတကြိမ် ဘုန်းမောက်တို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ကလော့ပ်ရဲ့ လီဗာပူးပါ။ လီဗာပူးက နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ၄ပွဲနိုင် ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားသလို နိုင်သင့်တဲ့ပွဲတွေကို အနိုင် ကစားထားနိုင်ပါတယ်။ ဘုန်းမောက်က အသင်းလတ်တွေ ၊ အသင်းငယ်တွေနဲ့ တွေ့ရင် ခြေစွမ်းကောင်းပေမယ့် အသင်းကြီးတွေနဲ့ တွေ့တဲ့ အခါတိုင်း သွင်းဂိုးတောင် ပြန်မရပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ လီဗာပူးတို့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဘုန်းမောက် ၀-၂ လီဗာပူး

Photo Credit: Standard

မန်ယူနဲ့ နယူးကာဆယ် (ကြာသပတေး မနက် ၂နာရီ ၄၅မိနစ်)

ဒီပွဲကတော့ ကာရာဘောင်းပွဲတွေ အားလုံးထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲပါ။ ဒီနှစ်သင်းက ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်ကို အနိုင်ရပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲက နယူးကာဆယ် အတွက် မကျေပွဲပါပဲ။ လတ်တလော ခြေစွမ်းပိုင်းအရ နှစ်သင်းကြားမှာ ကွာခြားချက် များများစားစား မရှိပေမယ့် အိမ်ရှင် ယူနိုက်တက်က မြို့ခံပြိုင်ဘက် စီးတီးကို ရှုံးနိမ့်ပြီး စိတ်ဓာတ်ပိုင်း ထိခိုက်ထားပါတယ်။ ဒါပေမယ့် တဖက်မှာလည်း နယူးကာဆယ်က အဓိက ကစားသမား အတော်များများကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရပါတယ်။ ဒါကြောင့် အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ဒဏ်ရာရ ကစားသမား များပြားနေတဲ့ နယူးကာဆယ်ကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရသွားမယ်လို့ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၂-၁ နယူးကာဆယ်

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ချယ်လ်ဆီး ၂-၀ ဘလက်ဘန်း

အဲဗာတန် ၂-၁ ဘန်လေ

အက်စ်ဝှစ်ချ် ၁-၂ ဖူလ်ဟမ်