ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီး ကနေ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့တဲ့ ညာနောက်ခံလူ ကန်ဆယ်လိုက ယမန်နေ့ညမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်လီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ပြီးနောက် ၁ရာသီ အတွင်းမှာပဲ ဘွန်ဒက်လီဂါနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရပါတယ်။

ကန်ဆယ်လိုရဲ့ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါရဲ့ ရာသီပိတ်ပွဲ မကစားမီမှာ ချန်ပီယံလုဘက် ဒေါ့မွန်ထက် ရမှတ် ၂မှတ် လျော့နည်းနေခဲ့ပေမယ့် ရာသီပိတ်ပွဲမှာ ဒေါ့မွန်က ပြိုင်ဘက် မိန့်ဇ်ကို အိမ်ကွင်းမှာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့ချိန်မှာ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ ကိုးလုံးကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Bundesliga

ဒါကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့က ရာသီပိတ်ပွဲ အပြီးမှာ အမှတ်တူ အနေအထားကို ရောက်ရှိသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ထက် ဂိုးကွာခြားချက် ပိုမို သာလွန်နေတာကြောင့် ဂိုးကွာခြားချက်အသာနဲ့ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို အရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ် အတွက် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၁၅ပွဲ ပါဝင် ကစားပေးခဲ့တာကြောင့် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ချန်ပီယံဆုတံဆိပ်ကို ရရှိမှာ ဖြစ်သလို ကန်ဆယ်လိုဟာ ပထမ ဘောလုံးရာသီဝက်မှာ မိခင်ကလပ် ဖြစ်တဲ့ မန်ချက်စတာ စီးတီး အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ပွဲ ပါဝင် ကစားပေးခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုတံဆိပ်ကို ရရှိဦးမှာ ဖြစ်ပါတယ်။

 

Photo Credit: Sports Brief

ဒါကြောင့် ကန်ဆယ်လိုက ဘောလုံးရာသီ တခု အတွင်းမှာပဲ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါ ပြိုင်ပွဲ ၂ခုစလုံးရဲ့ ချန်ပီယံဘွဲ့တွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး တခြားသူတွေက ဘောလုံးရာသီ တခု အတွင်းမှာ လိဂ်ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ အသေအလဲ ရုန်းကန် ကြိုးစားနေရချိန်မှာ တရာသီထဲနဲ့ ချန်ပီယံဆု ၂ခုလုံးကို ရခဲ့တဲ့ ကန်ဆယ်လိုကို မဟာ ကံထူးရှင်လို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။